ဖျာပုံ အောက်တိုဘာ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရန် မြို့မိမြို့ဖများက ဖျာပုံမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံ နေ့စဉ် အလှူငွေများ လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းရာတွင် ဖျာပုံမြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့မိမြို့ဖများထံ အရောက်အလှူငွေများ လက်ခံခဲ့ရာ ကိုကောင်းဇင်သန့်၊ မချောရူပါဟိန်း မိသားစုမှ အလှူငွေ ကျပ် (၅)သိန်း၊ ဦးချစ်ကို၊ မနီနီမာ (အောင်မြန်မာစိုက်ပျိုးရေးဆိုင်) မှ ငွေကျပ်(၁)သိန်းနှင့် ပိုးသတ်ဆေးဖျန်းကိရိယာ(၁)ပုံး၊ ပိုးသတ်ဆေး(၆)ဘူး၊ MIA Money & Stratis Microfianic Co.,Ltd (ဖျာပုံရုံးခွဲ) မှ Mask (၁၀၀)ဘူး၊ ခေါင်းစွပ်(၂၅)ဘူးနှင့် ဦးမောင်မောင်မြင့် (တရားလွှတ်တော်ရှေ့နေ)၊ ဆရာမဒေါ်တင်မေဝင်း (အထက.၃)မိသားစုမှ ရေသန့်တစ်လီတာဘူး (၆၀၀) ဘူး တို့ကို အသီးသီး လှူဒါန်းခဲ့ကြသည်၊၊
အဆိုပါ လှူဒါန်းငွေနှင့် ပစ္စည်းများကို ကုသရေးလုပ်ငန်းများတွင် အကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်ကြောင်း နှင့် ၃၀-၉-၂၀၂၀ရက်နေ့ ညနေ(၆)နာရီအထိ ဖျာပုံခရိုင်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာ(၂၇)ဦး၊ သံသယလူနာ(၃)ဦး၊ Facility Quarantine အဖြစ်အသွားအလာ ကန့်သတ်စောင့်ကြည့်သူ (၃၃၈)ဦး၊ Home Quarantine နေအိမ်အတွင်း အသွားအလာကန့်သတ် စောင့်ကြည့်ထားသူ(၂၈၈)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရှိရသည်။
လှလှနွယ် (ခရိုင်ပြန်/ဆက်)