မိုးညို မတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် ၈ နာရီအချိန်တွင် အိုးဘိုကျွန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးက မကူးစက်တတ်သောရောဂါများအကြောင်းနှင့် ကျန်းမာရေးမှူး (၁) ဦးတင်အောင်က ကူးစက်တတ်သောရောဂါများအကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေး ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးလာရောက်ပြသသူများအား ကိုယ်အလေးချိန်နှင့် အရပ်တိုင်းတာပေးခြင်း၊ ဆီးချိုသွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းများပြုလုပ်ပေးပြီး လိုအပ်သော ဆေးဝါးနှင့် ကုသခြင်းကိုလည်းကောင်း၊ သွားနှင့်ခံတွင်းဆရာဝန် ဒေါက်တာအေးပြည့်ဝေဖြိုးက သွားနှင့်ခံတွင်းစစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို (အခမဲ့) စစ်ဆေးကုသ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကိုမင်း(ပြန်/ဆက်)