ငပုတော မတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ များပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာများအရောက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ငပုတောမြို့နယ် အုတ်တွင်းကျေးရွာအုပ်စု၊ အုတ်တွင်းကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးသန်းဦးက ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးကိစ္စများ၊ လုံခြုံရေးကိစ္စများ၊ ရပ်ရွာအတွင်းသန့်ရှင်းသာယာရေးကိစ္စရပ်များ၊ ယာဉ် / လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် မူခင်းကျဆင်းရေးများ ပြောကြားခဲ့ပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်းမှ ကျေးရွာသန့်ရှင်းသာယာလှပရေးနှင့်ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းအောင်မှ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးတို့အတွက် အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးရယ်လွင်မှ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက မိမိတို့ဌာနမှ ဆောင်ရွက်ပေးနေသည့် လုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျေးရွာနေပြည်သူများက ကျေးရွာလိုအပ်ချက်များ ပြန်လည်တင်ပြလာမှုများအပေါ် မြို့နယ်အဆင့်ဌာနဆိုင်ရာ မှတာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ အုတ်တွင်း အုပ်စု၊အုတ်တွင်း ကျေးရွာတွင်တည်ဆောက်မည့် ဆိပ်ခံတံတားတည်နေရာအား တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ကာ သက္ကယ်သောင်အုပ်စုသောင်ကလေး ကျေးရွာရှိ တူးဖော်နေသည့်ရေကန်နှင့် ရေငံဝင်သွားသည့် ရေကန်အား သွားရောက်ကြည့်ရှု့ပြီး တာဝန်ရှိသူ များအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)