ကြံခင်း မတ် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မုခ်ထုတ်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီး၏ သက်တော်(၇၀)ပြည့် ဝိဇာတမင်္ဂလာနှင့် “အဂ္ဂမဟာဇောတိကဓဇ” ဂုဏဝိသိဋ္ဌပူဇာသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့ ရွာသစ်ကွက် မုခ်ထုတ်ကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပထမဦးစွာ ဩဝါဒါစရိယဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃမဟာနာယက၊ မြို့နယ်သံဃနာယက ဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်များကို မင်္ဂလာအခမ်းအနားကျင်းပရာ ဓမ္မာရုံတော်သို့ ပင့်ဆောင်ပူဇော်ပြီး၊ ကွေ့မအလယ် ကျောင်းဆရာတော်မှ ပလ္လင်တော်ပင့်အခါ ကြားဂါထာအားရွတ်ဖတ်ဂုဏ်ပြုပူဇော်ကာ မုခ်ထုတ် ကျောင်းဆရာတော်ကြီးအား ပင့်ဆောင်ပူဇော်ကြသည်။
ထို့နောက် အခမ်းအနားကို “နမောတဿ”(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ကြပြီး “ထူးမခြားနား” သီချင်းခန့်ဖြင့်ပူဇော်ပြီးနောက်၊ သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ(မဟာဒ္ဓါရ) အဂ္ဂမဟာကမ္မဌာနာစရိယ ကန်ကလေးတောရ ဆရာတော်ထံမှ ကြွရောက်လာကြသော စေတနာရှင် အလှူရှင်ဒါယိကာ၊ ဒါယိကာမများကငါးပါးသီလဆောက်တည်ကြသည်။ ယင်းနောက် ဂန္တဝါစကပဏ္ဍိတ လယ်ယာပရိယတ္တိစာသင်တိုက်ဆရာတော် "ဘဒ္ဒန္တ ကဝိသာရ" ရေးသားပူဇော်သည့် “ဘုရားအကျင့်မို့ တင့်လေပြီ” ပုဒ်စုံရတုဖြင့် ပူဇော်ပြီး၊ မုခ်ထုတ်ကျောင်း ဆရာတော်ကြီး “အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ” ဝိဇာတမွေးနေ့ရှင်၏ “ထေရုပ္ပတ္တိ”ကို ဆိပ်သာကျောင်းတိုက် ဆရာတော်ကဖတ်ကြားပူဇော်ခြင်း၊ မြို့ရွှေဂူကျောင်းဆရာတော်ကြီးက “ဂုဏကိတ္တနာ ထုတိဝေဒလ္လဂါထာ”အား ဖတ်ကြားပူဇော်ခြင်း၊ အောင်ဆန်းဝင်း(ကြံခင်း) ရေးသားသော “ခေမာစိုးခွင့် မှန်းစေသော်ရတုပိုဒ်စုံ”ဖြင့် ဆောင်းပညာရှင်အဖွဲ့က ပူဇော်ကြသည်။
ထို့နောက် မုခ်ထုတ်ကျောင်းတိုက်ဆရာတော်ကြီးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်က ဘွဲ့တံဆိပ်တော်များနှင့် အဆောင်အယောင်များအား ထပ်ဆင့် ဆက်ကပ် လှူဒါန်းပြီး၊ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားပါသည်။
ယင်းနောက် “အဂ္ဂမဟာ သဒ္ဒမ္မဇောတိကဓဇ” မုခ်ထုတ်ကျောင်းဆရာတော်ကြီး၏ သက်တော်(၇၀)ပြည့် ဝိဇာတမင်္ဂလာ ကုသိုလ်အလှူအဖြစ် ကြံခင်းမြို့နယ်၊ ဆိပ်သာရွာရှိ ရွှေဆိပ်သာလူမှုကူညီရေးအသင်းသို့ ငွေကျပ်(၂၈၃၀၀၀ဝိ/)တန်ဘိုးရှိ ရေခဲခေါင်းအား လည်းကောင်း၊ ကြံခင်းမြို့မြတ်ဗုဒ္ဓနှင့် မြတ်ဓမ္မလူမှုကူညီမှုအသင်း၊ မေတ္တာမွန်နှင့်ရွှေရောင် အနာဂါတ် လူမှုကူညီရေးအသင်းများအား ငွေကျပ်(၅၀၀၀ဝိ/)စီလှူဒါန်းပြီးနောက်၊ ကြွရောက် လာကြသော သံဃာတော်အရှင်သူမြတ်တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အကျိုးတော်ဆောင်အဖွဲ့များက လှူဖွယ်ဝတ္ထူများဆက်ကပ် ပူဇော်လှူဒါန်းကြ သည်။
ထို့နောက် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်၊ နိုင်ငံတော်ဝိနည်းမိုရ် ကွေ့မတောင်ပုံဆရာတော် “ဘဒ္ဒန္တ ဝရဉာဏ”(သာသနဓဇဓမ္မာစရိယ)ရေးသားပူဇော်သော “ဂုဏ်မျှော်ပူဇော် ရှစ်ဆယ်ပေါ် ထပ်ကွန့်တေးထပ်ဖြင့် စောင်းပညာရှင်မောင်အေးမောင်မောင်နှင့်အဖွဲ့ကပူဇော်ပြီး၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဘက်အကျိုးတော်ဆောင် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ ပိန္နဲကွင်းဆရာတော်ကြီး “ဘဒ္ဒန္တဇောတိဿရက” အနုမောဒနာ တရားချီးမြှင့်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေပြီးနောက် “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”(၃)ကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားပြီးမြောက်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)