မြို့သစ် မတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက မြို့သစ်မြို့၊ စည်ပင်သာယာစျေးအတွင်း စားသောက်ကုန်မျိုးစုံရောင်းချနေသော ဆိုင်များတွင် လက်ရှိရောင်းချနေသောကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိနှင့် DATE လွန် အစားအသောက်များ ရောင်းချမှုမရှိစေရေး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် စည်ပင်သာယာ ရေးအဖွဲ့တို့ ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကာ အသိပညာပေး ပြောကြားခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့သစ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးစီးမှူး ဦးဆယ်မောင်က ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ၊ စားသုံးသူနှင့် ပတ်သက်ဆက်နွှယ်သည့် အကြောင်းအရာများ ပြောကြားပြီး ဝန်ဆောင်မှုများ၊ ထိခိုက်နစ်နာမှုများနှင့် ပတ်သက်သည့်အကြောင်းအရာများရှိပါက တိုင်ကြားနိုင်သည့်ဌာနများကိုလည်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး တွေ့ရှိသိမ်းဆည်းခဲ့သည့် DATE လွန်အစားအသောက်များ၊ မုန့်ထုပ်များကို မီးရှို့ဖျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ နေ့လယ်ပိုင်းတွင် မြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် ဆေးဆိုင်များတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ခွင့်ပြုချက်မပါရှိသည့် ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိနှင့် သက်တမ်းလွန်ခွင့်ပြုမဲ့စားသောက်ကုန်များရောင်းချမှုမရှိစေရန် စစ်ဆေးဆောင်ရွက်ခဲ့ပြီး တရားမဝင်ကုန်စည်များ၊ သက် တမ်းလွန်ဆေးပစ္စည်းများ ရောင်းချခြင်းမပြုရန် အသိပညာပေး ပြောကြားခဲ့ကြောင်းသိရသည်။
သန်းဝင်းထွန်း(IPRD)