မြင်းမူ မတ် ၁၉
စားဖိုချောင်အတွက် နေ့စဉ်ချက်ပြုတ်ရာတွင် ဟင်းသီး/ဟင်းရွက်သည် အဓိကစားသုံးစရာဖြစ်ရာ ဘူးရွက်/ဘူးသီးပင်မှာလည်း စားသုံးသူများပြားသည့် အပင်ဖြစ်သည့်အတွက် စိုက်ပျိုးရောင်းချလျက်ရှိရာ မိသားစုအတွက် အပိုဝင်ငွေရရှိနိုင်ကြောင်း သိရှိရသည်။
ဘူးပင်သည် စိုက်ပျိုးရလွယ်ကူပြီး ရှင်သန်လွယ်သော အပင်မျိုးဖြစ်ကြောင်း၊ အများအားဖြင့် ကဆုန်လမှ နယုန်လနှင့် မိုးနှောင်းတော်သီလင်းလမှ တန်ဆောင်မုန်းလများသည် ဘူးစိုက်ရာသီဖြစ်သော်လည်း မြေအစိုဓါတ်ကောင်းစွာရှိပါက ရာသီမရွေးစိုက်ပျိုးနိုင်သောအပင်မျိုးဖြစ်ကြောင်း ပင်ကြားတန်းကြား(၆)ပေစီထားရှိကာ(၁)ပေအနက် ကျင်းတူးကာ မြေဆွေးမြေများရောနှောထည့်သွင်းပြီး (၃)လက်မအနက်တွင် ဘူးစေ့(၄)စေ့ခန့်မြုပ်၍ စိုက်ပျိုးပြီး သန်သောအပင်ကိုသာထားရှိရန် လိုအပ်ကြောင်း၊ အပင်ရင်းတွင်သာ ရေပေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးပြီးအပင်ကြီးထွားမှုအပေါ်ကြည့်၍ (၇၅)ရက်မှရက်(၉၀)တွင် အသီးများ ရရှိနိုင်ကြောင်း၊ အသီးများမဆွတ်ခူးမီအချိန်တွင် အသီးကိုအားပေးသည့်အညွန့်ကို ထားရှိပြီးကျန်ရှိသောအညွန့်များကို ခူးယူရောင်းချရသည်ဖြစ်၍ ဝင်ငွေစတင်ရရှိနိုင်ကြောင်း၊ ဘူးသီးမှာမိသားစုအတွက် ချက်ပြုတ်စားသောက်ဖွယ်ရာ ဟင်းလျာအပြင် ဘူးသီးကြော်ရောင်းချသည့်ဆိုင်များမှလည်း ဝယ်ယူအသုံးပြုသည် ဖြစ်ရာ ဝယ်လိုအားရှိသည့်အသီးဖြစ်သည့်အတွက် ရောင်းချရာတွင်အဆင်ပြေကြောင်း မိသားစုတစ်ပိုင်တစ်နိုင် သီးနှံပင်စိုက်ပျိုးရောင်းချနေသူ ဦးအောင်ဖုန်းမြတ်ထံမှသိရှိရသည်။
ယခုအချိန်တွင် ဘူး ညွန့်(၆)ညွန့်လျှင် ငွေကျပ်(၅၀၀)နှင့် ပုံမှန်ဘူးသီးတစ်လုံးလျှင် ငွေကျပ်(၇၀၀)ခန့် ရရှိကြောင်း၊ ဘူးပင်(၁၀)ပင်စိုက်ပျိုးထားရှိပြီး ဘူးညွန့်ရောင်းချရသည့်တစ်ရက်ဝင်ငွေမှ ငွေကျပ်(၄၀၀၀)ခန့် ရရှိနိုင်ပြီး (၅)ရက်လျှင် တစ်ကြိမ်ခူးယူရောင်းချနိုင်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)