မုံရွာ မတ် ၁၉
မုံရွာမြို့နယ် (Women Club)အဖွဲ့ဝင်များမှ "သက်တန့်ရောင်နှလုံးသား ရသဝတ္ထုတိုများ " စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ပေးရခြင်းနှင့် စပ်လျဉ်းပြီး အသေးစိတ်ရှင်းလင်း ပြောကြားပြီး “သက်တန့်ရောင်နှလုံးသား” ရသဝတ္ထုတိုများ ကလောင်ရှင် ခုနှစ်ဦးထဲမှ စာရေးဆရာမ သိမ့်ဝတ်မှုန်ပြည့်စုံမိုးက ဦးဆောင်၍ “သက်တန့်ရောင်နှလုံးသား” ရသဝတ္ထုတိုများ စာအုပ်ပါ ကလောင်ရှင်ခုနစ်ဦး၏ အတွေ့အကြုံစုံလင်စွာဖြင့် ရသစုစည်း၍ စုပေါင်းပြုစုရေးသားထုတ်ဝေထားသော ဝတ္ထုတို ၂၁ ပုဒ်ပါ အကြောင်းအရာများကို မုံရွာမြို့နယ် (Women Club)အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာရေးဆရာ၊ ဆရာမများနှင့် စာပေချစ်မြတ်နိုးသူများက ရေးသူ၊ ဖတ်သူ အတွေးအမြင်များကို ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်မောင်မယ်များအား စာအုပ်စာပေများကို လေ့လာ၍ လူမှုဘဝစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ပေးလျက်ရှိပြီး အမှား၊ အမှန်ခွဲခြား၍ အသိပညာများရရှိလာအောင် ယခုလို စာဖတ်ဝိုင်းများကို စဉ်ဆက်မပျက် ပြုလုပ်ပေးသည့်အပြင် လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်ရေး၊ ညဏ်ရည်ညဏ်သွေး မြင့်မားရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုတက်ရေးတို့အတွက် သင်တန်းများ၊ ဟောပြောပွဲများနှင့် လူငယ်စကားဝိုင်းများကိုပါ ကျင်းပပြုလုပ်ပေးလျက်ရှိသည်။
အဆိုပါ စာဖတ်ဝိုင်းအခမ်းအနားသို့ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးနှင့် တာဝန်ရှိသူများ၊ မုံရွာမြို့နယ်စာရေးဆရာအသင်းမှ တာဝန်ရှိသူများ၊ မုံရွာမြို့နယ် (Women Club)အဖွဲ့ဝင်များ၊ “သက်တန့်ရောင်နှလုံးသား” ရသဝတ္ထုတိုများ ကလောင်ရှင် ခုနှစ်ဦးထဲမှ စာရေးဆရာမ သိမ့်ဝတ်မှုန်ပြည့်စုံမိုးနှင့် စာပေဝါသနာရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)