ဒိုက်ဦး မတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို မတ် ၁၇ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေလင်းဦးက အမှာစကားပြောကြားရာ လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓါတ် ပိုမိုသက်ဝင် ယုံကြည်လာခြင်းမှာလည်း တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရန် မိမိဝါသနာပါရာ အားကစားနည်းများကို လေ့ကျင့်လိုက်စားမှုသည် အမျိုးသားအားကစားအဆင့်အတန်း၊ တိုးတက်မြင့်မားလာစေရန်နှင့် နွေရာသီ အားကစားသင်တန်းများမှတဆင့် ဗီဇပါရမီ ရင့်သန်၍ အောင်မြင်မှုအလားအလာရှိသော မျိုးဆက်သစ် အားကစားသမားများ ရှာဖွေဖော်ထုတ် လေ့ကျင့်ပေးပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအဖြစ်သို့ ပြုစုပျိုးထောင်လေ့ကျင့်ပေးသွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
သင်တန်းများတွင် တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်၊ ဘက်စကတ်ဘော၊ မြန်မာ့သိုင်း၊ အေရိုးဗစ် နှင့် Fitness Dance၊ ပိုက်ကျော်ခြင်း၊ ဘောလုံးအားကစားနည်းများကို သက်ဆိုင် ရာနည်းပြများက လက်တွေ့ လေ့ကျင့်သင်ကြားပို့ချပြီး ပထမရရှိသော အကြီးတန်းအသင်း၊ ဒုတိယရရှိသော အငယ်တန်းအသင်းတို့မှ အားကစားသမားများအား မြို့နယ်အားကစားမှူးနှင့် မြို့နယ်ဘောလုံး ဆပ်ကော်မတီဝင်များမှ ငွေသားဆုများ၊ ဆုဖလား နှင့် အားကစားဝတ်စုံတို့အား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းများကို မြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း၌ (၂-၃ - ၂၀၂၃ )မှ (၁၇–၃-၂၀၂၃ ) ထိ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)