သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ "ဘဝနေ့စဉ်ပျော်ရွှင်ရေး"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

သာပေါင်း မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ခင်မောင်တိုး[မိုးမိတ်] ရေးသားသည့် "ဘဝနေ့စဉ် ပျော်ရွှင်ရေး"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက   စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်စာအုပ်၏ အမှာစာများကို ဦးစွာရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ (Book Club) အဖွဲ့ဝင် ဒေါ်ခိုင်ခိုင်ဝင်းက ခင်မောင်တိုး[မိုးမိတ်] ရေးသားသည့် "ဘဝနေ့စဉ်ပျော်ရွှင်ရေး" စာအုပ်ပါ "ပြဿနာတွေကို အရယ်အမောရေထဲ မျှောလိုက်ပါ" နှလုံးသားကြည်လင်နေရင် မျက်နှာကလည်း ရွှင်လန်းနေပါတယ်။ နှလုံးသားကြည်လင်ဖို့၊ မျက်နှာကလေး ရွှင်လန်းနေဖို့“ဟာ သလေးတွေကို ချစ်ရမှာပါ။ မြတ်နိုးရမှာပါ။ ဟာသမှာ ကြီးမားတဲ့ စွမ်းအားတွေ ရှိပါတယ်။ ပြဿနာတွေနဲ့ ကြုံဆုံနေရပေမယ့်၊ ဘဝအနေအထား နိမ့်ကျသွားပေမယ့် အရယ်မပျက် အပြုံးမပျောက်သွားတာဟာ အရည်အချင်းတစ်ခု ဖြစ်ပါတယ်။ စိတ်တွေ ဘယ်လောက်ပဲ နောက်ကျနေပါစေ။ အခြေအနေတွေက ဘယ်လောက်ပဲ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါစေ။ ဟာသကြောင့် အာရုံပြောင်းသွားနိုင်ပါတယ်။ ဟာသကြောင့် မဟုတ်တောင် တစ်နည်းနည်းနဲ့တော့ အာရုံ ပြောင်းသွားအောင် ကြိုးစားရပါလိမ့်မယ်။ တကယ်တော့ ပြဿနာဆိုတာ အသေးအဖွဲပဲဖြစ်ဖြစ်၊ ကြီးကြီးမားမားပဲဖြစ်ဖြစ် ထာဝရကိစ္စ မဟုတ်ပါဘူး။ ယာယီသဘောပဲ ဆောင်ပါတယ်။ ဒါကြောင့် ပြဿနာ၊ အခက်အခဲ စတာတွေကို လွန်လွန်ကဲကဲအရေးပါတဲ့ အဆင့်အထိ ကျွန်မတို့က တွန်းမတင်သင့်ဘူး ထင်ပါတယ်။ ညစဉ်ညတိုင်း အိပ်ရေးပျက်ခံဖို့လည်း မသင့်ပါဘူး။ လူမှာ ကျန်းမာရေးက အဓိကအကျဆုံးပါ။ ကျန်းမာနေရင် တစ်နေ့မဟုတ် တစ်နေ့မှာ ဆုံးရှုံးသွားတာတွေ ပြန်ရနိုင်တာပဲ။ အဲ... အရေးကြီးတာက ခြေလှမ်းမပျက်ဖို့ ဣန္ဒြေမပျက်ဖို့ပဲပေါ့။ အလေးအပင်တွေကို ရင်ဆိုင်ဖြေရှင်းရင်းမှာ ပေါ့ပေါ့ပါးပါးလေးတွေကိုလည်း မြင်လာအောင် ကြည့်ရမှာပါ။ ဒီလိုသာ ပြုမူနိုင်ပြီဆိုရင် ဒုက္ခတွေ၊ ပြဿနာတွေရဲ့ ဖိစီးမှုဟာ ပေါ့ပါးသွားမှာ သေချာပါတယ်။ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို အရယ်အမောနဲ့ ရင်ဆိုင်နိုင်ရင် ဆိုးဆိုးဝါးဝါး ဖိစီးမှုခံရတဲ့ ဒဏ်ချက်ဟာ ကျေပျက်သွားမှာပါပဲ။ ချာလီချက်ပလင် (Charlie Chaplin) ဟာ တစ်ခေတ်မှာ တစ်ယောက်လို့ ဆိုလောက်တဲ့ အလွန်ထက်မြက်တဲ့ လူရွှင်တော်ကြီး ဖြစ်ပါတယ်။ သူဟာ ငယ်ဘဝတုန်းကတော့ ဒုက္ခတွင်းအတော်ကို နက်ခဲ့သူ ဖြစ်ပါတယ်။ အဖေက အရက်သမား၊ အမေက အဆိုအကနဲ့ ပိုက်ဆံရှာရသူ။ ဒါပေမဲ့ အလုပ်သိပ်မဖြစ်ဘူး။ ဒီတော့ မိသားစုမှာ ဒုက္ခပင်လယ်ဝေခဲ့ရတယ်။ ချာလီ အသက် ၅နှစ်အရွယ်မှာ ဂီတဖျော်ဖြေပွဲစင်မြင့်ထက်ကို ပထမဆုံး တက်ခဲ့ရတယ်။ ဒါပေမဲ့ အသက် ၈ နှစ်လောက်ရတော့ သူ့မှာ အတွေ့အကြုံတွေ အတော်များလာပါပြီ။ ၁၉၁၄ ခုနှစ်မှာ သူဟောလီးဝုဒ်ကို သွားပါတယ်။ ရုပ်ရှင်ခေတ် အစပျိုးချိန်ပေါ့။ သူက သူ့လွမ်းဆွေးစရာ ဘဝကို စင်တင်ပြတယ်။ သူပြနေတာတွေက လွမ်းစရာတွေ၊ ဆွေးစရာတွေ၊ ဒါပေမဲ့ ပရိသတ်တွေက တဝါးဝါး တဟားဟား။ မျက်ရည်ကျနေရင်း မအောင့်နိုင်ကြလို့ မျက်ရည်သုတ် ရယ်လိုက်ကြရတယ်။ သူ့ဟန်ပန် အမူအရာတွေ၊ သူကိုယ်တိုင် ထုတ်ထားတဲ့ သူ့ဒီဇိုင်းတွေကြောင့်လည်း ရယ်ကြရတယ်။ တစ်ဖက်မှာလည်း ကြေကွဲစရာ သူ့ဘဝကြောင့် မျက်ရည်ကျခဲ့ကြရတယ်။ ဒါတွေ ဒါတွေကြောင့် သူထင်ရှားကျော်ကြားလာခဲ့တယ်။ ထက်မြက်လွန်းတဲ့ ဟာသပညာရှင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်"  စသည်ဖြင့် ဦးဆောင်ဖတ်ကြားဆွေးနွေးရာ အဖွဲ့ဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းသည် စာဖတ်ပရိသတ်လူငယ်၊ လူရွယ်များ၊ ပြည်သူများ စာဖတ်သည့် အလေ့အကျင့် အားကောင်းလာစေရန်၊ စာပေမှရရှိသည့် အသိပညာဖြင့် တစ်ပါးသူအား မျှဝေပေးနိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မျိုးဇော်သိန်း