မြိတ် မတ် ၁၉
နိုင်ငံတော်အစိုးရ၏ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်းခံရသည့် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ဆရာတော်(၃)ပါးအား မြိတ်မြို့နယ်အသင်း (ရန်ကုန်)၏ ဂုဏပူဇာ အလှူတော်ငွေများဖြင့် ဂုဏ်ပြုပူဇော်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်မြို့နယ်အသင်း(ရန်ကုန်)၏ အဝေးရောက် အမှုဆောင်များမှ ကျောင်းတိုက်အသီးသီးသို့ သွားရောက်၍ ဆရာတော်များအား ပူဇော်ခဲ့ကြသည်။
ဘွဲ့တံဆိပ်တော်ရ ဆရာတော်များအား ဂုဏ်ပြုပူဇော်ရာတွင် အဝေးရောက် အမှုဆောင်များမှ ကျောင်းတိုက်များတွင် ဆရာတော်တို့ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဂုဏ်ပြုပူဇော်ရခြင်းနှင့်ပတ်သက်၍ မြိတ်မြို့နယ်အသင်း(ရန်ကုန်) အဝေးရောက်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဦးမျိုးမြှင့်က လျှောက်ထားပြီး ဆရာတော်တို့အား အမှုဆောင်များမှ ဂုဏပူဇာ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်း ဂုဏ်ပြုပူဇော်ခဲ့ကြသည်။
ယခုနှစ်တွင် နိုင်ငံတော်အစိုးရ၏ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ချီးမြှင့်ခြင်း ခံရသည့် မြိတ်မြို့မှ ဆရာတော်များမှာ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ လာသန လှည်းဘီးပရိယတ္တိ စာသင်တိုက်ဆရာတော်၊ တနင်္သာရီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာရဒ မော်တောင်ပရိယတ္တိ စာသင်တိုက်ဆရာတော်နှင့် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ နရသီဟ ဘုရားငါးဆူ ပရိယတ္တိ စာသင်တိုက် ဆရာတော်တို့ဖြစ်ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)