ကျိုက်လတ်၌ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇနှင့် မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

ကျိုက်လတ် မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဇဝနဗုဒ္ဓ အကယ်ဒမီတွင် ယမန်နေ့ နေ့လယ်ပိုင်းက ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး (ဗဟို)မှ ဘဒ္ဒန္တ ဇဝနဝံသမထေရ်အား အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်နှင့် သံဃာတော်အရှင်မြတ် လေးပါးတို့ကို မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော် ချီးမြှင့်ခြင်းမဟာမင်္ဂလာအခမ်းအနား ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက် ဆက်ကပ် ပူဇော်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဇဝနဗုဒ္ဓ အကယ်ဒမီ၏ အဓိပတိဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့သည်။ ဆက်လက်၍ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင်၊ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဒီဃဘာဏက ဖြစ်တော်မူသော ဆရာတော် ဘဒ္ဒန္တ ဇဝနဝံသမထေရ်မြတ်ကြီးအား အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီးတို့မှ ဆက်ကပ်ခဲ့ပြီး မင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ရရှိခဲ့ကြသည့် ဇဝနဗုဒ္ဓ အကယ်ဒမီ၏ ဦးဆောင်ဆရာတော် ဦးအဂ္ဂဓမ္မနှင့် ဦးခေမာရံသီ၊ ဒက္ခိဏာရုံစာသင်တိုက်၏ အနုနာယက ဆရာတော် ဦးကုသလနှင့် မင်္ဂလာကံကျောင်း၏ ပဓာနနာယကဆရာတော် ဦးဝိဇယတို့အား အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်များ အသီးသီး ဆက်ကပ်ခဲ့ကြသည်။ ထို့နောက် အဓိပတိဆရာတော်ကြီးမှ "မြင့်မြတ်ကြီးမား၍ ထိပ်ဆုံးရောက်အောင် ကျေးဇူးပြုတတ်သူ"ဟု အဓိပ္ပာယ်ရှိသော အဂ္ဂမဟာ ဥပကာရ ပါရဂူဘွဲ့တံဆိပ်တော်ကို ဆရာတော်ကြီးမှ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး (ဗဟို)ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် ဇဝနဗုဒ္ဓ အကယ်ဒမီ အကျိုးတော်ဆောင် နာယကကြီး ဦးစိန်ကြည်တို့အား ပေးအပ်ချီးမြှင့်ခဲ့သည်။ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်များအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဗုဒ္ဓ သာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အမှတ် (၁)ရပ်ကွက်ရှိ ပေါင်းဆန်စက်သို့ သွားရောက်၍ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရီရီမြင့်