အိမ်မဲမြို့နယ်တွင် အခြေခံ Fitness Dance သင်တန်း ဖွင့်လှစ် သင်ကြားပေး

အိမ်မဲ မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မြို့နယ် ပြန်/ဆက် ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံ Fitness Dance သင်တန်းကို ယမန်နေ့ နံနက် ၁၁ နာရီတွင်ဖွင့်လှစ် သင်ကြားပေးခဲ့သည်။

အဆိုပါသင်တန်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်တာဝန်ခံဒေါ် အိအိမျိုးတို့က အဖွင့်အမှာစကားပြောကြားရာ၌ “ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များအား နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်” အစရှိသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး အခြေခံ Fitness Dance သင်တန်းကို အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုးက သင်ကြားပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာ လိုက်ပါကစားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို မတ်လ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့ထိ နံနက် ၁၁ နာရီမှ မွန်းလွဲ ၁ နာရီထိသင်ကြား ပေးမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)