စလင်းမြို့နယ် လေးရွာကျေးရွာနှင့် သစ်ခွင်ကျေးရွာ အိမ်အလုံး(၁၀၀) သဘာဝဘေးခံနိုင်သော ရပ်ရွာအသိုက်အဝန်းဖြစ်ပေါ်ရေး ပညာပေးခြင်း၊ ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်

စလင်း မတ်လ ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူလူထု၏ အသက်အိုးအိမ်နှင့် ဘေးအန္တရာယ်များမှ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် ထိရောက်မြန်ဆန်စွာ ကူညီဆောင်ရွက်ပေးလျက်ရှိရာ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပွင့်ဖြူမြို့နယ် ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်း၊ စလင်းမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင့်သီတာမောင်နှင့် တာဝန်ရှိသူများက ယမန်နေ့နံနက် ၉ နာရီအချိန်က လေးရွာကျေးရွာနှင့် သစ်ခွင်ကျေးရွာသို့ ကွင်းဆင်း၍ ဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးစကားများ ပြောကြားခဲ့သည်။

စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများအား နွေဦးကာလနှင့် မိုးကြိုကာလရာသီကူးပြောင်းချိန်များ၌ မုန်တိုင်းများ ကျရောက်လေ့ရှိသဖြင့် အသိပညာပေးခြင်းနှင့် ရပ်ကွက်ကျေးရွာများအတွင်းရှိ နွမ်းပါးအိမ်ထောင်စုများ၊ အိုမင်းမစွမ်းအိမ်ထောင်စုများ၏ နေအိမ်များ၊ လေပြင်းဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှ နည်းပါး‌စေရန် ခရိုင်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ဖေဖော်ဝါရီ (၂၂) ရက်နေ့တွင် လေးရွာကျေးရွာနှင့် သစ်ခွင်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံကာ နေအိမ်ပြုပြင်မွန်းမံရန် အသုံးစရိတ်များ ကို ချထားပေးခဲ့ပြီး တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး ဖြစ်သည်။ မတ်လ ၁၈ ရက်နေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်းကာ ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိသည်။

စလင်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် လေးရွာကျေးရွာနှင့် သစ်ခွင်ကျေးရွာရှိ အိမ်ခြေ (၁၀၀)လုံးကို လေပြင်းဒဏ် ကြံ့ခိုင်နိုင်စွမ်းအားရှိရန် အားဖြည့်ပြင်ဆင်မှုအဖြစ် ဝါးထရံပြုပြင် အသစ်လဲတပ်ဆင်ခြင်း၊ သက်ကယ်အမိုးများ မိုးခြင်း၊ ဝါးကြမ်းခင်းများ အသစ်ပြုပြင် ဆောင်ရွက်ပေးခြင်း၊ အိမ်တိုင်များ အသစ်လဲပေးခြင်း၊ သွပ်နန်းကြိုးများ တုံ့ဆိုင်းပေးခြင်းများ ပြုလုပ်၍ အားဖြည့်ပြင်ဆင်ချက်များ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း သဘာဝဘေးများဖြစ်သည့် မီးဘေး၊ ရေဘေး၊ လေဘေး၊ မိုးကြိုးဘေးနှင့် အခြားဘေးအန္တရာယ်များကိုလည်း ထောက်ပံ့ငွေများနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်နိုင်ခဲ့ကြောင်း သိရှိရပြီး လေးရွာကျေးရွာတွင် အိမ်ခြေ(၅၀)လုံး၊ သစ်ခွင်ကျေးရွာတွင် အိမ်ခြေ(၅၀)လုံး၊ စုစုပေါင်း အိမ်ခြေ(၁၀၀)လုံးအတွက် တစ်အိမ်လျှင် (၄၅၀၀၀) ကျပ်နှုန်းဖြင့် အိမ်ခြေ(၁၀၀)လုံးအတွက် ငွေကျပ်(၄၅)သိန်း အကုန်အကျခံ၍ ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ဝင့်သီတာမောင်ထံမှ သိရှိရသည်။

မြို့နယ်