ကန့်ဘလူမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်

ကန့်ဘလူ မတ် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် သစ်တောဦးစီးဌာနရုံးတွင် မြို့နယ်မီး သတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်လင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးဟောပြောခြင်း၊ မီးငြှိမ်းသတ်နည်း လက်လက်တွေ့သရုပ်ပြသခြင်း၊ လက်တွေ့ငြှိမ်းသတ်စေခြင်းများနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို မတ် ၁၈ ရက်နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယဦးစီးမှူးက ရုံးဝန်ထမ်းများအနေဖြင့် မီးဘေးကြိုတင်ကာကွယ် ရေးအတွက် လုပ်ဆောင်ရမည့်နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးလောင်မှုဖြစ်ပွားပါက စတင် လုပ်ဆောင်ရမည့် အခြေအနေများ၊ မိမိတို့ရုံးရှိ လျှပ်စစ်မီးနှင့် ဆက်စပ်ပစ္စည်းများကို အလေးထားစစ်ဆေးကြရန်၊ ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် မကြာခဏစစ်ဆေးကြရန် လိုအပ်ကြောင်းတို့ကို ဆွေးနွေးဟောပြောပြီး လက်တွေ့မီးငြှိမ်းသတ်နည်း အဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ပြီး မြို့နယ်သစ်တောဦးစီးမှူးနှင့် ဝန်ထမ်းများက  လက်တွေ့မီးငြှိမ်းသတ်နည်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် အများပြည်သူနှင့်သက် ဆိုင်သည့် စာသင်ကျောင်းများ၊ စျေးများ၊ ရုံးဌာနများ စသည့်နေရာများတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ မီးငြှိမ်းသတ်နည်းများအား ကိုယ်တိုင်ဆောင်ရွက်နိုင်စေရန် လက်တွေ့သရုပ်ပြသခြင်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)