ကော့ကရိတ် မတ်လ ၁၉
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ၂၀၂၃ခုနှစ် ကော့ကရိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈:၀၀အချိန်၌ ကော့ကရိတ်ခရိုင် အားကစားခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကော့ကရိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေက အဖွင့်အမှာစကားပြောကြားရာတွင် ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်ရန် အားကစားများပြုလုပ်ခြင်း၊ အသိပညာပေးသင်တန်းများ ပြုလုပ်ပေးခြင်းဖြင့် အနာဂတ်တွင် လူငယ်များ ဘဝသာယာလှပပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် များစွာအထောက် အကူပြုနိုင်မည့် လူတော်လူ၊ ကောင်းများ ဖြစ်လာနိုင်မည်ဖြစ်ပါကြောင်း “များများလေ့ကျင့် များများယှဉ်ပြိုင် အောင်မြင်မှုပန်းတိုင်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပခြင်းအားဖြင့် အားကစားသမားများ လေ့ကျင့်အား ပြည့်ဝလာကာ ပြိုင်ပွဲအတွေ့အကြုံများ ရင့်ကျက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲများမှာ အောင်မြင်မှုရရှိစေဖို့အတွက် တွန်းအားပေးကစားနည်းတစ်ခုလို သတ်မှတ်ရမှာဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထိုနောက် ပြိုင်ပွဲဝင်ကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုပြီးနောက် စတင်ကစားခဲ့ကြသည်။
အဆိုပါ အမျိုးသားအလွတ်တန်းဖူဆယ်ပြိုင်ပွဲကို (၁၈-၃-၂၀၂၃)ရက်နေ့မှ (၂၃-၃-၂၀၂၃)ရက်နေ့အထိ မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်အသင်း(၁၆)သင်းတို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းနှင့် ဖွင့်ပွဲနေ့တွင် ပြိုင်ပွဲဝင်အသင်း ၄ သင်းတို့မှ ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး မတ်လ ၂၃ ရက်နေ့တွင် ဗိုလ်လုပွဲကို ကျင်းပသွားမည် ဖြစ်ပါသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားသမားများနှင့် အားကစားကိုချစ်မြတ်နိုးသော ပြည်သူများဖြင့် စည်ကားလျက်ရှိပါကြောင်း သိရသည်။
ခင်မျိုးဝင်း(ခရိုင်၊ ပြန်/ဆက်)