ယင်းမာပင် မတ် ၁၈
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံမျိုးစေ့ပြပွဲနှင့် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပရာ မြို့နယ်ဥက္ကဌ၊ ဦးမျိုးမင်းသန့်နှင့်တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ ၊ ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဥက္ကဌ၊ ဦးမျိုးမင်းသန့်က အမှာစကားပြောကြားရာတွင်" ယခုပေးအပ်မည့် ပျိုးပင်များကို ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန်၊ စိုက်ပျိုးရေးဌာနမှလည်း စိုက်ပျိုးနည်း စနစ်များကို စနစ်တကျ လမ်းညွှန်ပြသပေးကြရန်၊ မိမိတို့အိမ်စရိတ် သက်သာစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် စီမံဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း " ရှင်းလင်း ပြောကြားသည်။
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပျိုးပင်များ ထောက်ပံ့ပေးခြင်းနှင့် ပတ်သက်၍ ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး၊ ဒေါ်မြတ်မိုးဝင်းက " ဒေသခံတောင်သူများနှင့် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများအနေဖြင့် မိမိတို့အိမ်ခြံဝင်းရှိမြေပိုများအား အကျိုးရှိရှိ အသုံးချတတ်စေရန်၊ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးပါက မိမိတို့၏ အိမ်စရိတ်သာမက တစ်ပိုင်တစ်နိုင် စီးပွားရေးအတွက် စိုက်ပျိုးထုတ်လုပ်တတ်စေရန် ရည်ရွယ်၍ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း " ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ ဦးလှမြင့်က စိုက်ပျိုးရေစုဆောင်း သိုလှောင်နည်း စနစ်များ၊ မြေအစိုဓါတ်ထိန်းသိမ်းနည်းစနစ်များ၊ ရေကိုချွေတာသုံးစွဲသည့် စိုက်ပျိုးနည်း စနစ်များ၊ သိပ္ပံနည်းကျ စနစ်မှန်ကန်စွာ စိုက်ပျိုးနည်းများကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ် ဥက္ကဌနှင့် တာဝန်ရှိသူများက သစ်သီးဝလံမျိုးစေ့ထုပ်နှင့် ပျိုးပင်များကို ဒေသခံတောင်သူများ ထံသို့ ဖြန့်ဝေပေးခဲ့သည်။
ထို့နောက် မြို့နယ်ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများက ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးရုံးဝင်းအတွင်းရှိ ဟင်းသီးဟင်းရွက် သစ်သီးဝလံ စိုက်ခင်းများအတွင်း လေ့လာ ကြည့်ရှုခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်