ပန်းတနော် မတ် ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယနေ့ နံနက် ၈ နာရီက ပန်းတနော်မြို့နယ် ဆုတောင်းပြည့်ကျေးရွာအုပ်စု ဆုတောင်းပြည့် ဘုရားစုကျေးရွာရှိ ဘုရားကုန်းကျောင်းတိုက် ကျေးရွာအတွင်း၌ တည်ထားကိုးကွယ်အပ်သော ရှေးဟောင်းဆုတောင်းပြည့် စေတီတော် မြတ်ကြီးအား ရွှေထီးတော်တင်လှူဒါန်းခဲ့သည်။
အခမ်းအနားတွင် ရွှေထီးတော်မြတ်ကြီးသီတင်သုံးတော်မှုရာ ဂန္ဓကုဋီကျောင်းတော်သာသို့ သံဃာတော်များအား ပင့်ဆောင်တော်မှုကာ ရွှေထီးတော်မြတ်ကြီးအား မဟာပဏာမ နမောတဿ ဂါထာတော်မြတ်ဖြင့် ပူဇော်၍ မေတ္တာသုတ် ပရိတ်တော်မြတ်များ ရွတ်ပွားပူဇော်ပြီး အမွှေးနံ့သာရေများ ပက်ဖျန်းပူဇော်ခဲ့သည်။
ထို့နောက် ဒါယကာ၊ ဒါယိကာမများက ဒေဝါဝင်း၊ ရာဇာဝင်းများဖြင့် ရွှေထီးတော်မြတ်ကြီးကို ခြံရံပင့်ဆောင်ကြ၍ ဆုတောင်းပြည့်စေတီတော်မြတ်ကြီးအား လှည့်လည်ပူဇော်ကြပြီး ရွှေထီးတော်မြတ်ကြီးကို ဆရာတော်ကြီး (၉)ပါးအား ဆက်ကပ်ကာ မေတ္တာခံယူခဲ့ကြပြီး ရွှေထီးတော်၏ ပထမဘုံအဆင့်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က မင်္ဂလာပန်း ရထားဖြင့် တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ရွှေထီးတော်၏ ကျန်ရှိနေသော ဘုံအဆင့်တို့အား တိုင်းဒေသကြီးအစိုးအဖွဲ့ဝင် ဝန်ကြီးများနှင့် အလှူရှင်များ၊ စေတီတော်ဂေါပကအဖွဲ့တို့မှ တင်လှူပူဇော်ခဲ့ကြပြီး ရွှေထီးတော် ၏ ငှက်ပျောဖူးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့မှ မင်္ဂလာပန်းရထားဖြင့် တင်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် သံဃာတော် (၃၁)ပါးတို့မှ ဗုဒ္ဓဘိသေက ဥဒါန မင်္ဂလာဂါထားများဖြင့် ရွတ်ပွားပူဇော်ကာ ဒါယကာ၊ ဒါယိကာမများက ငါးပါးသီလခံယူဆောက်တည်၍ လှူဖွယ်ဝတ္တုအစုစုတို့အား ဆက်ကပ်လှူဒါန်း ခဲ့ပြီး နိုင်ငံတော်သံဃာဝန်ဆောင် ပန်းတနော်မြို့ ပုခန်းကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ ဆရာတော်ကြီးမှ အနုမောဒနာ တရားတော် ဟောကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)