ရွှေဘိုစက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံ၊ သို​လှောင်ရုံများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း​စစ်​ဆေး

​ရွှေဘို မတ် ၁၈

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေး စဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက​ရွှေဘိုစက်မှုဇုန်ရှိ စက်ရုံ၊ အလုပ်ရုံ၊ သို​လှောင်ရုံများအား ခရိုင်/မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်ဖွဲ့ဝင်များနှင့် စက်မှုဇုန်တာဝန်ရှိသူများပူးပေါင်း၍ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များက နေအိမ်၊ အလုပ်ရုံ၊ သို​လှောင်ရုံအဆောက်အဦများ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးသတ်ဆေးဘူးများ ကြိုတင်ပြင်ဆင် ထားမှုရှိ၊ မရှိနှင့် မီးသတ်ဆေးဘူး သုံးစွဲပုံနည်းလမ်းများ၊ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ပေါ်စေနိုင်သော မီးပလပ်ခုံများ၊ မီးခုံများအား ခံနိုင်ဝန်ထက်ပိုမိုသုံးစွဲခြင်းမပြုရန်နှင့် ဆွေးမြေ့ပေါက်ပြဲနေသော ဝိုင်ယာကြိုးများအား အသုံးမပြုရန်၊ စက်ရုံဝန်ထမ်းအနည်းဆုံး (၃၅) ဦးခန့် သီးသန့် မီးသတ် တပ်ဖွဲ့ဖွဲ့စည်းထားရန်၊ မီသတ်​ရေလှောင်ကန်များထားရှိရန်၊ ခရိုင်/မြို့နယ် မီးသတ်ဖုန်းနံပါတ် များကို မိတ္တူ​ကူးချိတ်ဆွဲထားရှိရန် စသည့်တို့ကိုအသိပညာပေးပြောကြားပြီး မီးဘေးအန္တရာယ် ကာကွယ်နိုင်​ရေးအတွက် လက်​တွေ့မီးငြိမ်းသတ်နည်းများကို သရုပ်ပြ​လေ့ကျင့်​ပေးခဲ့ပြီး မီးဘေးဖြစ်​ပေါ်လာပါက မီးသတ်ဦးစီးဌာနသို့အချိန်မီ သတင်းပို့ပေးရန်နှင့် မီးဘေးအန္တရာယ် စီမံချက်​ရေးဆွဲထားရန်၊ ဆွေးနွေးအကြံပြုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)