ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ရွှေတောင် မတ် ၁၈

စာအုပ်၊ စာပေကိုချစ်မြတ်နိုးသူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏ တန်ဖိုးကို နားလည်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက စာအုပ်စာပေ ဝါသနာရှင်များ၊ စာပေချစ်သူများ Book Club နှင့် မုဒိတာ စာဖတ်ဝိုင်းပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ မုဒိတာ စာဖတ်ဝိုင်းတွင်စာပေချစ်သူများ Book Club အသင်းဥက္ကဋ္ဌ ဒေါ်ခင်ယုနိုင် စာရေးဆရာမ အေပရယ်ယုနိုင် (ရွှေတောင်) က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာမ ခင်စောတင့်ရေးသားသော "ဘဝအသစ်ရဲ့အစများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပရာစာပေချစ်သူများBook Club အသင်းဥက္ကဋ္ဌ စာရေးဆရာမ အေပရယ်ယုနိုင် (ရွှေတောင်) ကဖတ်ရှုဆွေးနွေးပြီး ဆရာကြီး ‌ဦးဇော်မင်း၊ ဆရာကြီး ဦးအုန်းမောင်၊ ဆရာကြီး ဦးစိန်လှ၊ ဆရာကြီး ဦးမြင့်ဦးတို့က မျိုးဆက်သစ်လူငယ်များအား" စိတ်ဓာတ်ကြံ့ခိုင်တဲ့ သားသမီးတွေဖြစ်ဖို့"၊ "အမြင်တွေပြောင်းလဲကြပါစို့"၊ ပျော်ရွှင်ကြည်နူးခြင်းကို ဖြန့်ဝေပါ" စသည့် ခေါင်းစဉ်များဖြင့် ဖတ်ကြားဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် စာပေချစ်သူ လူငယ်မောင်မယ်များက အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တက်ရောက်လာသူများအား စာပေကိုမြတ်နိုးတန်ဖိုးထားတတ်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ မွေးမြူကြရန်နှင့် စာဖတ်ဝိုင်းများကို လစဉ်ပုံမှန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)