စစ်ကိုင်း မတ် ၁၈
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက် အတွင်း အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား/သူ ကလေးငယ်များအား အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်၊ ကျောင်းသား/သူအချင်းချင်း စည်းလုံးညီညွတ်မှုရှိပြီး ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိလာစေရန်၊ ပန်းချီရေးဆွဲနည်းပညာကို အခြေခံမှစ၍ စနစ်တကျ ရေးဆွဲတက်စေရန် ရည်ရွယ်၍ မတ်(၁၈)ရက်၊ နံနက်(၁၀)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ဒုတိယအပတ်စဉ်အဖြစ် ဆက်လက်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
“ကျွန်မတို့ ပြန်ကြားရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ စစ်ကိုင်းမြို့မှာရှိတဲ့ ပန်းချီပညာရှင်များ ပူးပေါင်းပြီး အခမဲ့ဖွင့်လှစ်သင်ကြားပေးတာပါ သင်တန်းကိုတော့ ပြီးခဲ့တဲ့အပတ်စဉ်ဖြစ်တဲ့ မတ်လ(၁၁)ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ် ဒီနေ့ကတော့ ဒုတိယ အပတ်စဉ် ဆက်လက်သင်ကြားပေးနေတာပါ အပတ်စဉ်(စနေ၊ တနင်္ဂနွေ)နေ့တွေမှာ သင်ကြားပေးသွား မှာပါ--သင်တန်းသား/သင်တန်းသူ ဦးရေ(၁၁၀)ရှိပါတယ် အခုဆိုရင် ပန်းချီဆရာ(၂)ယောက်နဲ့ အခန်း (၂)ခန်းခွဲပြီး သင်ကြားပေးနေပါတယ်” ဟု ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးက ပြောပြ၍သိရသည်။
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ အသိပညာ/ အတက်ပညာများရရှိစေရန် သင်တန်းများဖွင့်လှစ်ခြင်း၊ စာအုပ်/ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ ပြပွဲ/ပြိုင်ပွဲများ ကျင်းပပေးခြင်းတို့ကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်