ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပုသိမ် မတ် ၁၈

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာများနှင့် အတူ ယမန်နေ့ နံနက်ပိုင်းက ပန်းတနော် မြို့နယ်သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ပန်းတနော်မြို့နယ်၊ ဘုရားချောင်း ကျေးရွာအုပ်စုရှိ Global Earth Agro & Aqua Industry Public Co., Ltd သို့ သွားရောက်ခဲ့ပြီး ကုမ္ပဏီဥက္ကဋ္ဌ ဦးဌေးမြင့်က ငါးသားပေါက်မွေးမြူရေးကန်မှ ငါးအသားတိုး မွေးမြူရေးကန်များသို့ ငါးပြောင်းရွှေ့ ပန့်ဖြင့်ပြောင်းရွှေ့ မွေးမြူမှု အခြေအနေအား ကြည့်ရှု စစ်ဆေးခဲ့ပြီး ငါးပြောင်းရွှေ့ပန့်ဖြင့် တစ်နာရီလျှင် ၃၀ ဂရမ်အရွယ်အစားရှိ ငါးအကောင်ရေ (၆) သိန်းခန့်ပြောင်းရွှေ့နိုင်ကြောင်း သိရသည်။ ထို့နောက် ခေတ်မီ နည်းစနစ်များဖြင့် (၅) ဧကတွင်  ရေသွင်းရေထုတ်စနစ် ပါသည့် မြေသားကန်တည်ဆောက်ခြင်းနှင့် Best Aquaculture Practice (BAP) စနစ်နှင့် အညီ ရေလှောင်ကန် reservoir တည်ဆောက်ခြင်း၊ ရေထုတ်ပြွန် တည်ဆောက်ခြင်းများအား စက်ယန္တရားများနှင့် ဆောင်ရွက်နေမှုများအား လည်းကောင်းမှု၊ စပါးခွံသုံး Biomass Power Plant တိုးတက်တည်ဆောက်နေမှုနှင့် အပိုင်းလိုက်အမြန်ဆုံး စမ်းသပ် လည်ပတ်နိုင်ရေးဆောင်ရွက်နေမှု အပြင်ဘေးထွက်ပစ္စည်း biochar များကို မြေဩဇာ အဖြစ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေမှု၊   နိုင်ငံတကာစံညွှန်းများနှင့် အညီ ငါးအစာ Feed Factory တည်ဆောက်မှု လုပ်ငန်းစဉ်များ၊ Seafood Processing & ColdStorage Plant ဆောင်ရွက်လျက်ရှိမှုနှင့် စက်ပစ္စည်းကိရိယာများ တိုးတက်တပ်ဆင်ဆောင်ရွက် လျက်ရှိမှု၊  Tank Farm များတွင် ငါးတန်များအား (၈၀) ဂရမ်အရွယ်အစားမှ ရောင်းတန်းဝင်သည် အထိ(၈)လခန့်ဖြင့် တစ်ကန်လျှင် အကောင်ရေ (၈၀၀၀၀)အား စနစ်တကျ မွေးမြူထားရှိမှုများအား လိုက်လံရှင်းလင်းပြောကြားခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်း ဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်ရာတွင်  မိရိုးဖလာ မွေးမြူရေး နည်းလမ်းများထက်  စနစ်ကျနပြီးကောင်းမွန်သည့် ခေတ်မီမွေးမြူရေး နည်းလမ်းများကို အောင်မြင်အောင် ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ငါးတန်မွေးမြူထုတ်လုပ်ရေး လုပ်ငန်းများကို ပြည်တွင်းသာမက ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချရန် စီမံဆောင်ရွက်နေမှုများအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

လှမင်းထွဋ်(ပြန်/ဆက်)