၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ မဲလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်း (၁/၂၀၂၀)ဖွင့်လှစ်

ကောလင်း အောက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းဖွင့်ပွဲကို ကောလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဇာတိမာန်ခန်းမ၌ ကျင်းပပြုခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကောလင်းခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်က အဖွင့်အမှာ စကားပြောကြား ခဲ့သည်။ ထို့နောက် ကောလင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအုန်းလွင်က ကောလင်းမြို့ နယ် ရပ်ကွက်/ ကျေးရွာ အုပ်စု(၅၄)အုပ်စုတွင် မဲရုံပေါင်း(၁၃၃)ရုံတွင် မဲရုံလုံခြုံရေးအတွက် အထူးရဲ(၁၃၃)ဦးကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များနှင့်ပူးပေါင်းပြီး ပြည်သူများလုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ယူဆောင်ရွက်ရန်ဖြစ်ပြီး၊နယ်မြေခံရဲတပ်ဖွဲ့အနေဖြင့် ရွေးကောက်ပွဲကာလအတွင်း မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲမပေးနိုင်အောင် နှောက်ယှက်ဟန့်တားမှုများ မဖြစ်ပေါ်စေရန်၊ မဲရုံပရဝုဏ်နှင့်ကိုက် ၅၀၀ အတွင်း အသံချဲ့စက်များ ဆူညံစွာဖွင့်လှစ်မှု မရှိစေရန်၊ မူးယစ်သောက်စားရမ်းကားမှုများမဖြစ်ပေါ်စေရေး ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ အထူးရဲ သင်တန်းကို အောက်တိုဘာ ၁ရက်နေ့မှ အောက်တိုဘာ ၂၈ရက်နေ့အထိ မဲရုံလုံခြုံရေးဆိုင်ရာ ဥပဒေ၊နည်းဥပဒေလုပ်ငန်းစဥ်များကို စာတွေ့လက်တွေ့ဖြင့် ကောလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် ကောလင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အခွဲတို့မှ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။

မြင့်ထွန်းမင်း(ဓာတ်ပုံကျွမ်းကျင်-၂)