ကန့်ဘလူ မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုများနှင့် သေဆုံး၊ ဒဏ်ရာရသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ထောက်ပံငွေ၊ ဆန်၊ ဆီတို့ကို မတ် ၁၇ ရက်မွန်းလွဲ ၁ နာရီက ခရိုင်စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်တို့က ထောက်ပံ့ငွေ၊ ဆန်၊ ဆီတို့ကိုပေးအပ်ရာ မီးဘေးသင့် အိမ်ထောင်စုဝင်များ၊ သေဆုံး၊ ဒဏ်ရာရသူများ၏ မိသားစုဝင်များက လက်ခံရယူကြသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မတ် ၂ ရက်က မီးရှို့ဖျက်ဆီးခံရသည့် ချပ်ကြီးကျေးရွာ နေအိမ်တစ်လုံးလျှင် ငွေကျပ် သုံးသိန်း၊ ဆန် ၁ အိတ်၊ ဆီ ၃ ပိဿာနှုန်းဖြင့် နေအိမ် (၇၄)လုံး၊ သေဆုံးသူပြည်သူ၊ ပြည်သူ့ စစ်၊ ရဲတပ်ဖွဲ့ဝင်တို့အတွက် ၁ ဦးလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် ၂၀ ဦး၊ ဒဏ်ရာရသူ ၁ ဦးလျှင် ကျပ် ၅ သိန်းနှုန်းဖြင့် ၉ ဦး၊ မီးလောင်မှုကြောင့် ပျက်စီးသွားသော အိမ်ထောင်စု၊ မှတ်ပုံတင်များအား ပြန်လည်ပြုလုပ်ပေးအပ်ခြင်းနှင့် ဖေဖော်ဝါရီ ၉ ရက်က စံပါယ်နံ့သာ၊ စိန်နားကျေးရွာတို့မှ ကျဆုံးသူများနှင့် ဒဏ်ရာရသူများအား သေဆုံးသူ ၁ ဦး လျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် ၃ ဦး၊ ဒဏ်ရာရ(စိုးရိမ်ရ)သူ ၁ ဦးလျှင် ၅ သိန်းနှုန်းဖြင့် ၁ ဦး၊ ဒဏ်ရာရ(မစိုးရိမ်ရ)သူ ၁ ဦးလျှင် ကျပ် ၃ သိန်းနှုန်းဖြင့် ၂ ဦးတို့အား အသီးသီးထောက်ပံ့ ပေးအပ်ခဲ့ပြီး စုစုပေါင်း ၅၇,၃၈၆,၀၀၀ ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)