ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို

နေပြည်တော် မတ် ၁၇

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယနေ့တွင် သမိုင်းဘာသာရပ်ကို ဆက်လက်ဖြေဆိုခဲ့ကြသည်။ ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။ 

ကရင်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် သမိုင်းဘာသာရပ်ကို ဘားအံမြို့နယ် အတွင်းရှိ စာစစ်ဌာန (၃) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၄၈) ဦး ဖြစ်သဖြင့် ဖြေဆိုမှု ၈၈.၁ ရာခိုင်နှုန်း၊ လှိုင်းဘွဲမြို့နယ် အတွင်းရှိ စာစစ်ဌာန (၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၆၆) ဦး၊ ပျက်ကွက် (၃) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၉၅.၆၅ ရာခိုင်နှုန်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အ.ထ.က(ကြာအင်းဆိပ်ကြီး)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ (၁၅၂) ဦးဖြစ်သဖြင့် ဖြေဆိုမှု ၈၀.၈၅ ရာခိုင်နှုန်း၊ သံတောင်ကြီးမြို့နယ်ရှိ စာစစ်ဌာန(၂) ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၅၅) ဦးတို့ဖြစ်သည်။

ကရင်ပြည်နယ်တွင် စာစစ်ဌာန (၃၂) ခုရှိပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။