လိပ်သိုမြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲရုံ လုံခြုံရေးအတွက် အထူးရဲ သင်တန်းဖွင့်လှစ်

လိပ်သို အောက်တိုဘာ  ၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံအသီးသီးတွင် တာ၀န်ထမ်းဆောင်ရန် အထူးရဲသင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က လိပ်သိုမြို့ ကတ်သလစ်ဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ ၈ ရက်တွင် ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲတွင် သံတောင်ကြီး မဲဆန္ဒနယ် အမှတ် (၂) အတွက်  မဲရုံပေါင်း (၄၇) ရုံ ရှိတဲ့အတွက်  ရွေးကောက် ပွဲကျင်းပတဲ့နေ့မှာ  မဲရုံအသီးသီးသို့ လာရောက်ဆန္ဒမဲပေးကြမည့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲ ပေးနိုင်ရေးအတွက် အထူးရဲအင်အား  ၄၇ ဦးကို ခန့်အပ်တာ၀န် ပေး သွားမှာဖြစ်ပါတယ်၊  နယ်မြေခံ ရဲတပ်ဖွဲ့များအနေဖြင့်  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး ရွေးကောက်ပွဲကာလ မှာ မဲဆန္ဒရှင်ပြည်သူများ  မဲမပေးနိုင်အောင် ဟန့်တားမှုများ မဖြစ်ပေါ်စေရေး၊ မဲရုံပရဝုဏ်နှင့်  ကိုက်  ၅၀၀ အတွင်းမှာ မလိုလားအပ်သော ပြဿာနာအနှောက်အယှက်များ မဖြစ်ပေါ်စေရေးနှင့် မူးယစ် သောက်စား ရမ်းကားဆူပူမှုများ မဖြစ်ပေါ်စေရေးအတွက် လှည့်ကင်း၊ ရပ်ကင်းများဖြင့်  လုံခြုံရေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်လို့ လိပ်သိုနယ်မြေရဲစခန်းမှ ရဲအုပ် အောင်ပြည့်စုံထံမှ သိရသည်။

အဆိုပါ မဲရုံအသီးသီးတွင် တာ၀န်ထမ်းဆောင်ရမည့် အထူးရဲ ၄၇ ဦးကို ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီဖွင့်လှစ်ပြီး လိပ်သိုမြို့ ကတ်သလစ် ဓမ္မာရုံတွင် သင်တန်းသား (၂၇) ဦးနှင့် ရန်ကြီးအောင် ဘုန်းကြီးကျောင်း ဓမ္မာရုံတွင် သင်တန်းသား (၂၀) ဦးတို့အား အောက်တို ဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၂၈ ရက်နေ့အထိ ရက်သတ္တပတ် (၄) ပတ်ကြာ သင်ကြားပို့ချ မည်ဖြစ်ကြောင်း သိရသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)