ရေဦး မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက အောင်မင်္ဂလာရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက ပြည်သူများအေးချမ်းစွာ နေထိုင်သွားလာနိုင်ရေး ဆောင်ရွက်ပေးနေမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အရှိန်မပျက် ဆက်လက်လုပ်ကိုင်နိုင်ရေး၊ သဘာဝဘေး အန္တရာယ် ခံစားကြရသော ပြည်သူများအား ကူညီ ထောက်ပံ့ပေးနိုင်ရေး သက်ဆိုင်ရာဌာနနှင့် အတူ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် ယခုနှစ်နွေစပါးအတွက် စိုက်ပျိုးရေလုံလောက်စွာ ပေးဝေသွားမည်ဖြစ်ရာ တောင်သူ ဦးကြီးများ သီးနှံစိုက်ပျိုးရေးနှင့် ပတ်သက်၍ ရေအရင်းအမြစ်များကို အကျိုးရှိရှိသုံးစွဲကြစေ လိုကြောင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်ဝင်းလှိုင်က မြို့နယ်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးနိုင်ရေး နေ့ညမပြတ် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် လမ်းမှားသို့ ရောက်ရှိခဲ့ကြသည့် မျိုးဆက်သစ် လူငယ်မောင်မယ်များ လမ်းမှားသို့ မရောက်ရှိစေရန် အတွေးမှန် အမြင်မှန် အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် အရေးကြီးသလို မူးယစ်ဆေး၏ သားကောင်များမဖြစ်စေရေး အသိတရားနှင့်ယှဉ်ကာ သတိထားနေထိုင်ကြစေလိုကြောင်း၊ ပြစ်မှုကျူးလွန်ထားခြင်းမရှိသော လူငယ်မောင်မယ်များကိုလည်း နိုင်ငံတော်မှ ကမ်းလင့်ကြိုဆိုနေဆဲဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေပေးလျက်ရှိကြောင်း၊ လူငယ်များပညာရည်ပြည့်ဝစေရေးအတွက် ပညာသင်ကြားရေးအစီအစဉ် တွင် မိဘပြည်သူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် တာဝန်ရှိပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီး ဌာနမှူး ဦးကျော်ဆွေက လူဦးရေနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးနေမှု၊ နိုင်ငံသားစိစစ်ရေးကတ် အဟောင်း လဲလှယ်ပေးခြင်း၊ အသက် ၁၀ နှစ်ပြည့် ၁၈ နှစ်ပြည့်ကတ်ပြားများ ပြုလုပ်ပေးနေမှုအပေါ် အချက်အလက် အထောက်အထားများ မှန်ကန်ပြည်စုံစွာ ဖြည့်သွင်းလျှောက်ထားနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသူများမှ နွေစပါးစိုက်ပျိုးမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးစရိတ် ငွေကျပ် နှစ်သိန်းထောက်ပံ့ ပေးမည့်အပေါ် ငွေသားဖြင့်သာ ပေးဆပ်လိုပါကြောင်း တင်ပြဆွေးနွေးရာ မြို့နယ်တာဝန်ရှိသူများက ပြည်သူ့ဆန္ဒပြည့်ဝ စေရေး သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ထပ်ဆင့်တင်ပြဆောင်ရွက်ပေးသွားမည်ဟု ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရ သည်။
သန်းသန်း(ရေဦး)