ငဖဲမြို့နယ် မန်းတမံမှ နွား နှင့် ဆိတ်ကောင်ရေ (၁၃၂)ကောင်အား ပေါင်ပုပ်လက်ပုပ်ရောဂါကာ ကွယ်ဆေးကွင်းဆင်းထိုးနှံပေး

ငဖဲ မတ် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူ များမွေးမြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သော ရောဂါများမှကြိုတင်ကာကွယ်နိုင်ရန် အတွက် ကူးစက်ရောဂါကြိုတင်ကာကွယ်ဆေးများနှင့် ကုသဆေးများကို ကျေးရွာများသို့ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက  မန်းချောင်းရေလှောင်တမံအနီးတစ်ဝိုက်သို့ သွားရောက်၍  နွားကောင်ရေ (၇၉) ကောင်နှင့် ဆိတ်ကောင်ရေ (၅၃)ကောင်တို့အား ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများထိုးနှံပေးရာတွင် ငဖဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာချစ်ချယ်ရီစိုးနှင့် ဝန်ထမ်းများဦးဆောင်ပြီး တိရစ္ဆာန်ကျန်းမာရေးလုပ်သားများပူးပေါင်းကာ မန်းချောင်းရေလှောင်တမံအနီးတစ်ဝိုက်ရှိ တောင်သူများမွေးမြူထားသော နွားကောင်ရေ( ၇၉)ကောင် နှင့် ဆိတ်ကောင်ရေ (၅၃)ကောင် စုစုပေါင်း (၁၃၂)ကောင်ကို ပေါင်ပုပ်လက်ပုပ်ရောဂါ ကာကွယ် ဆေးများထိုးနှံပေးခဲ့ပြီး နွားခြံများအားပိုးမွှားရောဂါ ကာကွယ်စေရန် ခြံဖြန်းဆေး ပိုးသတ်ဆေးများ ဖြန်းပေးခဲ့ကာ ကျွဲ၊ နွားများတွင် ဖြစ်ပေါ်တတ်သောရောဂါများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကျန်းမာကြံ့ခိုင်စေရန်အတွက် အာဟာရညီညွတ်မျှတစွာ ပါဝင်သောအစားအစာကို လုံလောက်စွာ ကျွေးမွေးရန်နှင့် စနစ်တကျ မွေးမြူနည်းများ၊ ဆိတ်သားငယ်လေးများအားပြုစုစောင့်ရှောက်နည်းများ၊ ဆိတ်များတွင်ဖြစ်တတ်သော ကူးစက်မြန်ရောဂါများဖြစ်သည့် လည်ချောင်းကွဲရောဂါ၊ ခွာနာလျှာနာ ရောဂါ၊ ဝဲရောဂါ၊ ပေါင်ပုပ်လက်ပုပ် ရောဂါနှင့် ဒေါင့်သန်းရောဂါများကို ကြိုတင်ကာကွယ်နိုင်ရန် နည်းလမ်းများနှင့် ဆိတ်များကို စနစ်တကျမွေးမြူနည်း စသည်တို့ကို တောင်သူများအား အသိပညာပေးဆွေးနွေး ပြောကြားခဲ့သည်။

ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာ ချစ်ချယ်ရီစိုးနှင့် ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သား များအနေဖြင့် ကျေးရွာအုပ်စုများအရောက် ကျွဲ၊ နွားနှင့် အိမ်မွေးတိရစ္ဆာန်များအား ကျရောက်တတ်သောရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စီးပွားဖြစ်မွေးမြူနိုင်ရန်အတွက် တိရစ္ဆာန်ရောဂါကာကွယ်ဆေးများကို ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)