ကန်ကြီးထောင့်မြို့နယ်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် ဖြန့်ဝေ

ကန်ကြီးထောင့် မတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းများတွင် တက္ကသိုလ်ဝင်တန်း စာဖြေ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများလက်ဝယ်သို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက  (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ယမန်နေ့ နံနက်နှင့် နေ့လယ်ပိုင်းတို့တွင် သွားရောက်၍ အခမဲ့ဝေငှခဲ့ ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင်  (၇၈)နှစ်မြောက် တပ်မတော်နေ့ အမျိုးသားရေးဦးတည်ချက်  (၄ ) ရပ်၊  ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော မိန့်ခွန်းများမှ ကောက်နုတ်ချက်၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး  မဟာသရေစည်သူမင်းအောင်လှိုင်၏ ၂၀၂၂ ခုနှစ် မတ်လ ၂၇ ရက်နေ့ (၇၇)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား၌  ပြောကြားသည့်မိန့်ခွန်းမှ ကောက်နုတ်ချက်နှင့်ကဗျာ ၊ ကာတွန်း၊ ဆောင်ပုဒ်များ ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်များအား အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလေးများနှင့် ပြည်သူများ ဖတ်ရှုခြင်းအားဖြင့် နိုင်ငံ၏တပ်မတော်နေ့နှင့် ပတ်သက်သော သမိုင်းကြောင်းများအား သိရှိစေရန် ရည်ရွယ် ၍   ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေကြသော ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ ဆရာမများ၊ မိဘပြည်သူများ  လက်ဝယ်သို့ လိုက်လံဖြန့်ဝေခဲ့ကြောင်း သိရသည်။

မဇင်(ပြန်/ဆက်)