ကမမောင်း မတ် ၁၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် နေ့စဥ်ဝင်ငွေ ရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေရန်အတွက် မေမြို့ပန်း စိုက်ပျိုးရောင်းချသည့် မိသားစုများရှိကြောင်း ကမမောင်းမြို့ အထက်မီးဇိုင်းကျေးရွာတွင် စိုက်ပျိုးထားသော မေမြို့ပန်းခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဥ်ခူးဆွတ်ရောင်းချသဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
မေမြို့ပန်းသည် စံပယ်အဖြူ၊အဝါ၊ခရမ်းစသည့် ပန်းမျိုးကွဲများစွာရှိကြောင်းနှင့် ပန်းစိုက်ပျိုးသူများအနေဖြင့် ပန်းပျိုးပင်အမျိုးအစားအလိုက် ငွေကျပ်(၁၅)ကျပ်မှ(၂၀)ကျပ်အထိ ဝယ်ယူစိုက်ပျိုးပြီး (၄)လအကြာတွင် ပန်းများ စတင်ရောင်းချကြရကြောင်း ပန်းများရောင်းချရာတွင် ပန်းခိုင်(၆)ခိုင်ခန့် ပါဝင်သော ပန်းတစ်စည်းအား ပန်းလှပမှုနှင့် ပန်းအမျိုးအစားအပေါ် မူတည်၍ ငွေကျပ်(၂၀၀၀)ကျပ်အထိ ရောင်းချရကြောင်း ပန်းစိုက်ပျိုးရောင်းချသူတစ်ဦးထံမှ သိရသည်။
မေမြို့ပန်းများ စိုက်ပျိုးရာတွင် အပင်သန်မာပြီး ကိုင်းဖြာမှုကောင်းစေရန်နှင့် ဦးစွာသဘာဝ မြေသြဇာဖြစ်သည့် နွားချေးများနှင့် မြေအားပြုပြင်ပြီး ပန်းအမျိုးအစားနှင့်မြေအမျိုးအစားအလိုက် ပန်းစိုက်မြေဘောင်များပြုလုပ်၍စိုက်ပျိုးရကြောင်း အရောင်အသွေးလှပစေရန်အတွက် ရေဖျန်းစနစ်ဖြင့်စိုက်ပျိုးပြီး အပင်၏ကိုင်းဖျားမှအစ အောက်ခြေအထိ ပန်းပင်တစ်ပင်လုံးရေရရှိသောကြောင့် အရွက်များ အမြဲစိမ်းလန်းကာ ရောင်းချရာတွင် လူကြိုက်များသဖြင့် နေ့စဥ်ဝင်ငွေရရှိရန် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
တင်တင်လှ(ကမမောင်းပြန်/ဆက်)