ဇီးကုန်း မတ် ၁၇
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် နွားတဲကုန်းကျေးရွာအုပ်စု၊ မြောက်လွှတ်ကုန်းကျေးရွာ ဧက(၁၀၀)စံပြကွက်၌ မျိုးစေ့ချကိရိယာ (DRUM SEEDER)ဖြင့် နွေစပါးစိုက်ပျိုးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီများ ကွင်းဆင်းကြည့်ရှုခဲ့သည်။
အဆိုပါ မျိုးစေ့ချကိရိယာ(DRUM SEEDER)ဖြင့် စိုက်ပျိုးမှုနှင့်ပတ်သက်၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးလှမိုးက တောင်သူများအနေဖြင့် မျိုးစေ့ချကိရိယာ (DRUM SEEDER)ဖြင့် စိုက်ပျိုးခြင်းဖြင့် ကြဲပက်စိုက်ပျိုးခြင်းထက် မျိုးစေ့နှုန်းထား သက်သာခြင်း၊ လုပ်သားအင်အား သက်သာခြင်း၊ အတန်းလိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းကြောင့် လေဝင်လေထွက်ကောင်းမွန်ပြီး ပေါင်းမြက်နှင့် ရောဂါပိုးမွှားများ အလွယ်တကူ နှိမ်နင်းနိုင်ခြင်း၊ အပင်ပြုစုရာတွင် ပိုမိုအဆင်ပြေလွယ်ကူ၍ အထွက်နှုန်းပိုမိုခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ရှင်းလင်းပြောကြား၍ ရက်(၉၀)စပါးမျိုးကို စိုက်ပျိုးခဲ့ကြပြီး (၂၃)ဧကကို မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။
တောင်သူများအနေဖြင့် မျိုးစေ့နှုန်းထားသက်သာပြီး စိုက်ပျိုးနည်းစနစ်မှန်ကန်ခြင်းကြောင့် မျှော်မှန်းပန်းတိုင်အထွက်နှုန်းရရှိစေရန်နှင့် တိုက်ရိုက်ကြဲခင်းစနစ် စိုက်ပျိုးဧကလျော့နည်းစေရန် ဇီးကုန်းမြို့နယ်အတွင်း မျိုးစေ့ချကိရိယာ (DRUM SEEDER) အလုံး(၃၀)ကို ဖြန့်ဖြူးထားရှိကြောင်းနှင့် တောင်သူများလိုအပ်ပါက ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကြီးကြပ်မှုကော်မတီထံမှ သိရသည်။
တင့်ဆွေ(ပြန်/ ဆက်)