စလင်းမြို့နယ် ခေါင်းကူးကျေးရွာနှင့် ဆက်သွယ်သည့် လယ်မကျေးရွာအဝင်လမ်း မြေနီလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

စလင်း မတ် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ခေါင်းကူးကျေးရွာနှင့် လယ်မကျေးရွာဆက်သွယ်သည့် လယ်မကျေးရွာ ရွာအဝင်လမ်းအား ဒေသခံကျေးလက်နေ ပြည်သူများ ရာသီအချိန်ခါမရွေး အဆင်ပြေစွာသွားလာနိုင်ရေးအတွက် စလင်းမြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ရံပုံငွေဖြင့် မြေနီလမ်းခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ယခုအခါ လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှုအား ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့်  တာဝန်ခံအင်ဂျင်နီယာများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ လယ်မကျေးရွာနှင့် ခေါင်းကူးကျေးရွာ၊ ရွာခြင်းဆက်လမ်းမှာ အရှည်ပေ (၃) မိုင်ခန့်ရှိပြီး တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရံပုံငွေကျပ် (၆၈.၃၈၅)သန်းဖြင့် ဒေသခံပြည်သူများ ရာသီမရွေးအဆင်ပြေစွာ သွားလာအသုံးပြုနိုင်ရေးအတွက် မြေနီခင်းခြင်းလုပ်ငန်းကို တင်ဒါအောင်မြင်သည့် ရွှေပန်တော်ဦးကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့၍ ၂၀၂၃ ခုနှစ် သြဂုတ်လ ဒုတိယပတ်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

လယ်မကျေးရွာအဝင်လမ်းသည် ခေါင်းကူးကျေးရွာနှင့် ဆက်စပ်လျက်ရှိရာ မိုးရေတိုက်စားမှုဒဏ်ကြောင့် လမ်းပျက်စီးမှုများဖြစ်ပေါ်ခဲ့၍ ဒေသခံပြည်သူများ ကူးလူးဆက်သွယ် ကုန်စည်စီးဆင်းမှုများ အခက်အခဲကိုတွေ့နေရ၍ ပြည်သူများ သွားလာမှုအဆင်ပြေစေရန် ကျေးလက်ဖွံဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးရံပုံငွေဖြင့် ဆောင်ရွက်ခဲ့ရ၊ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်းကို မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဒေါ်ချစ်စုပြည့်ထံမှသိရှိရပြီး၊ လုပ်ငန်းဆောင်ရွက်မှုများပြီးစီး၍ ဒေသခံတောင်သူ လယ်သမားများနှင့် ဒေသခံပြည်သူများ ကုန်စည်စီးဆင်းမှုမြန်ဆန်လာပြီး၊ မိမိတို့၏ လယ်ယာမြေများမှ သီးနှံများကိုအဆင်ပြေစွာ သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်၍ ဒေသခံပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးမှအစ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် လာတော့မည်ဖြစ်ကြောင်း ကျေးလက်လမ်းဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)