လိပ်သိုမြို့တွင် ဒေသခံပြည်သူများမှ ကတက်ပင်များ စိုက်ပျိုးထိမ်းသိမ်းထားခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ

လိပ်သို  မတ် ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ပေါများပြီး ဥယျာဉ်ခြံလုပ်ငန်းကို အဓိကလုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများသည် မိမိတို့၏ ဥယျာဉ်ခြံများ အတွင်းတွင် ကတက်ပင်များစိုက်ပျိုးပြီး တစ်ချို့ကတက်ပင်များမှာ သဘာ၀အတိုင်း ပေါက်ရောက်လျက်ရှိသည်။ ယခုအချိန်တွင် အရွက်နုများ စတင်ထွက်ရှိ လာပြီး စားသုံးရန် သင့်လျော်ပြီဖြစ်သည့် ပေါ်ဦးပေါ်ဖျား ကတက်ရွက်များကို ဒေသခံပြည် သူများက လိုက်လံဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသရှိ ကတက်ပင်များသည် အခြားသော နှစ်ရှည်ပင်များနှင့် ရောနှော စိုက်ပျိုး ကြသာမက တစ်ချို့အပင်များမှာ သဘာ၀အတိုင်း ပေါက်ရောက်ရှင်သန်လျက်ရှိ သည်။ ယခုနွေရာသီအချိန်တွင် ရာသီစာအရွက်ဖြစ်သည့် ကတက်ရွက်များကို ဆားရည် စိမ်အချဉ် တည်ပြီး သားငါးနှင့် ကြော်ချက်စားသုံးခြင်း၊ တို့စရာနှင့် အသုပ်ဟင်းပြုလုပ် စားသုံးကြသည့် အပြင် ကတက်အခေါက်ကို ဆေးအဖြစ်သွေး၍ လိမ်းကြံကြကြောင်း သိရသည်။

ယခုအခါ တောင်ယာများခုတ်ထွင်၍ ဥယျာဉ်ခြံများ တည်ထောင်လာမှုကြောင့် ကတက်ပင်များ ရှားပါးလာခြင်း၊ လူဦးရေတိုးပွားလာပြီး စားသုံးသူများပြားလာခြင်း၊ စိုက်ပျိုးပြုစုထိန်းသိမ်းရန် လွယ်ကူခြင်းတို့ကြောင့် ဒေသခံများက မိမိတို့၏ အိမ်ခြံဝင်းတွင် စိုက်ပျိုးထိန်းသိမ်းလာခဲ့ကြရာမှ စားသုံးရန်ပိုလျှံသည့်အပြင် ကတက်ချဉ်ပြုလုပ်၍ ပြန်လည်ရောင်းချခြင်းဖြင့် အပိုဝင်ငွေများ ရရှိလျက်ရှိကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)