ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း တစ်သိန်းကျော် ပျိုးထောင်ထားရှိ

ပွင့်ဖြူ မတ် ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ်  မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ သဘာဝတော များ ကောင်းမွန်စေရေးနှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်နှင့်  ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် စိုက်ပျိုးရန် ပျိုးပင်ပေါင်း တစ်သိန်းကျော် ပျိုးထောင်ထားရှိကြောင်း ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်များ မျှတကောင်းမွန်စေရန်၊ ရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးသည့် သဘာဝတောများ ပြန်လည်ကောင်းမွန်စေရန်ရည်ရွယ်၍ ကျွန်း၊ ယူကလစ်၊ ရှား၊ ကံ့ကော်၊ တမာ၊ ဝါး၊ မယ်ဇလီ၊ ကုက္ကို၊ ရေတမာ၊ ခရေ၊ လျှော်ဖြူ၊ ကဗွီး၊ မန်ဂျန်ရှား စသည့် အရိပ်ရပျိုးပင်များကို ပြုစုပျိုးထောင်၍ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် ကျေးလက်ဒေသတစ်ခွင် စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရပျိုးပင်များ အခမဲ့ ဖြန့်ဝေပေးခြင်း၊ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းကာ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝဘေးကြောင့် ပျက်စီးသည့် သစ်တောသစ်ပင်များ ကောင်းမွန်ရေးအတွက် ရေဝေရေလဲစိုက်ခင်းများ အကောင်အထည်ဖော် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ယခု ၂၀၂၃ ခုနှစ် မိုးရာသီတွင်လည်း မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် အကောင်အထည်ဖော်စိုက်ပျိုးရန် လူထုဖြန့်အနေဖြင့် ကျွန်း၊ မယ်ဇလီ၊ ရေတမာ၊ သစ်ဆိမ့်၊ တမာ၊ စိန်ပန်းကြီး၊ ကုက္ကို၊ မျှင်ဝါး၊ ဇီး၊ ယူကလစ်၊ ရှား၊ ခရေ စသည့် အရိပ်ရပျိုးပင် လေးသောင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းဧက ၇၀၀ တည်ထောင်စိုက်ပျိုးရန်အတွက် ယူကလစ်၊ ကျွန်း၊ လျှော်ဖြူ စသည့် အရိပ်ရပျိုးပင်ပေါင်း ၁၀၅၀၀၀၊ မဲဇလီရေလွှဲဆည် ရေဝေရေလဲဒေသ ကျေးရွာများအနီးရှိ တောများတွင် ကျေးရွာများမှ ဝါးသုံးစွဲနိုင်ရန်အတွက် ဌာနမှ ဦးဆောင်၍ ဝါးလုပ်ငန်းရှင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းပြီး ဝါးစိုက်ခင်း(၃)ဧက စိုက်ပျိုးရန် ဝါးပျိုးပင် ၆၀၀၊ စုစုပေါင်း အရိပ်ရပျိုးပင်ပေါင်း ၁၄၅၆၀၀ ပင်အား အကောင်အထည်ဖော် စိုက်ပျိုးရန်အတွက် မြို့မပျိုးဥယျာဉ်ခြံ၌ ပြုစုပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးမှူး ဦးအောင်မော်က ပြောပြ၍ သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )