ကသာ မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၁)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ခိုင်က အမှာစကားပြောကြားရာတွင် တပ်မတော်နေ့ ဖြစ်ပေါ်လာပုံ၊ တပ်မတော်သမိုင်းကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်များ၊ အသိပညာဗဟုသုတရစေမည့် အကြောင်းအရာများပြောကြားခဲ့သည်။
ဆက်လက်၍ သုတ၊ ရသ၊ စာအုပ်စာစောင်များကို ခင်းကျင်းပြသထားရှိရာ လူငယ်၊ လူရွယ်လေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ရဲလင်းထွန်း(ထီးချိုင့်)