ကော့ကရိတ်မြို့၌ စာဖတ်ဝိုင်းကျင်းပ

ကော့ကရိတ် မတ် ၁၇

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍  စာရေးဆရာ ဒေါက်တာ ခင်မောင်ညို ရေးသားသည် လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က စာပေဖတ်ရှု လေ့လာသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊  စာပေမှရရှိသည့် ဗဟုသုတများကို အပြန်အလှန် ဆွေးနွေးစေရေးအတွက် စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် အမှားတွေဖြစ်မှာကြောက်လို့ မလုပ်ဘဲမနေပါနဲ့၊ အမှားကိုဝန်ခံပါစသည့် မှားမှာကို မကြောက်ပါနဲ့ ခေါင်းစဉ်အား Book Club အဖွဲ့ဝင်များဖြစ်ကြသည့် ဦးတိုးကြွယ်ကလည်းကောင်း၊ ဟီရိသြတ္တပ္ပတရားဆိုတာ မကောင်းမှုပြုလုပ်ရမှာကိုရှက်ခြင်း၊ လူမြင်အောင်လုပ်လုပ်၊ မမြင်အောင်ဘဲလုပ်လုပ်၊ မကောင်းမှုပဲမို့ရှက်စရာပဲဆိုသည့် ရှက်စိတ်၊ ကြောက်စိတ်၊ အောင်စိတ် ခေါင်းစဉ်ပါ အကြောင်းအရာကို ဦးအောင်နိုင်ထွန်းကလည်းကောင်း၊ မိဘတိုင်းသည် သားသမီးများကို အကောင်းဆုံး ပညာရေးကိုအကောင်းဆုံးပညာပေးချင်ကြသည်၊ သားသမီးတွေကို ဘယ်လိုပညာတွေပေးကြမလဲ၊ မည်ကဲ့သို့ အထောက်အကူပြုနိုင်မည်ဆိုတာကို လေ့လာကြသည်စသည့်  ပညာရေးအစစာအုပ်များဖြင့်အစပြုပါ ခေါင်းစဉ်ပါ အကြောင်းအရာကို ဦးတေဇဦးမှလည်းကောင်း ဆွေးနွေးပြောကြားကြပြီး တက်ရောက်လာကြသော စာအုပ်စာစောင်ချစ်မြတ်နိုးသူ အဖွဲ့ဝင်များက  အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန် မြှင့်မားစေရေးအတွက် စာပေချစ်သူများနှင့် လစဉ်စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)