ပေါက်ခေါင်း မတ် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဓမ္မသော်ကျေးရွာတွင် ကျေးလက်ရေပေးဝေရေးလုပ်ငန်းအဖြစ် အိမ်တိုင်ရာရောက်ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် မြို့နယ်ကျေးလက်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်း၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်အေးမို့မို့ဝင်းနှင့်အဖွဲ့ဝင်များသည် ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူးနှင့်အင်ဂျင်နီယာအဖွဲ့များက အဆိုပါကျေးရွာကျေးလက်ရေပေးရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဂါလံ ၂၀၀၀ ဆံ့၊ ရေစက်ရုံရေကန်မှ ကျေးရွာတွင်းနေအိမ်များသို့ အိမ်တိုင်ရာရောက် ရေရရှိရန်အတွက် ရေပိုက်လိုင်းသွယ်တန်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သည်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဓမ္မသော်ကျေးရွာတွင် ပြည်သူများသောက်သုံးရေဖူလုံစွာရရှိရေးအတွက် ကျေးလက်ဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်ရန်ပုံ ငွေ ၁၇ ဒဿမ ၃ သန်းဖြင့် အနက်ပေ ၄၀၀ အကျယ် ၄ လက်မရှိ ရေဂါလံ ၂၀၀၀ ဆံ့ရေစက်ရုံကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)