သရက် မတ် ၁၇
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းဆပ်ကော်မတီ၏ စီစဉ်လမ်းညွှန်မှုဖြင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ အလျား ၈ ပေ၊ အနံ ၅ ပေ၊ အမြင့် ၁၂ ပေရှိ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက်၈နာရီက ဈေးရပ်ကွက် သံကြိုးလမ်းရှိ သရက်ခရိုင် ပြည်သူ့စာကြည့် တိုက်ရှေ့တွင် စိုက်ထူခဲ့သည်။
အဆိုပါ အသိပညာပေးဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြပြီး အသိပညာပေးဆိုင်းဘုတ်တွင် ကလေးအလုပ်သမားနှင့် ပတ်သက်၍ ဆိုင်(သို့) ကုန်သွယ်အလုပ်ဌာန(သို့) အများပျော်ရွှင်ရေး အလုပ်ဌာန၌ အသက် (၁၄)နှစ် မပြည့်သေးသောသူကို အလုပ်လုပ်ခွင့်မပြုရ၊ အသက်(၁၈)နှစ် မပြည့်သူကို အန္တရာယ်ရှိသော အလုပ်တွင် မလုပ်စေရ(သို့) လုပ်ခွင့်မပြုရ၊ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ(သို့) ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေသော အလုပ်လုပ်ရန် ခိုင်းစေခြင်းမပြုရ၊ ကလေးအလုပ်သမားခိုင်းစေခြင်းအား အတူတကွတိုက်ဖျက်ကြပါစို့၊ ကျွန်ုတို့ကလေးများ၏ အနာဂတ် လုံခြုံစိတ်ချနိုင်ရန် ကလေးလုပ်သားခိုင်းစေခြင်းကို အဆုံးသတ်ခြင်းဖြင့် စတင်လုပ်ဆောင်ကြပါစို့ စသည့် အသိပညာပေးအကြောင်းအရာများနှင့် ရုပ်ပြကာတွန်းများ၊ ကလေးသူငယ်များ စာသင်ခန်းတွင် ပညာသင်ကြားနေရမည့်အရွယ် စားဝတ်နေရေးအလို့ငှာ လုပ်ငန်းခွင်ထဲသို့ ရောက်ရှိနေကြခြင်းမှာ ကလေး၏ အနာဂတ်ကိုသာမက နိုင်ငံ၏ အနာဂတ်ကိုပါ ထိခိုက်နစ်နာစေသည့်အတွက် ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေအရ မည်သည့်အလုပ်ရှင်မဆို(ပုဒ်မ ၁၃နှင့်၁၄ )ပါ ကလေးအလုပ် သမား၏ အသက်အရွယ်နှင့် အလုပ်ချိန်ကန့်သတ်ချက်များမှ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျုးလွန်ပါက (၆) လထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း(၅၀)မှ အများဆုံးကျပ် သိန်း(၁၀၀)အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် လုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်ကြောင်းတို့ပါဝင်သည်။
အသိပညာပေးဆိုင်းဘုတ်ဆိုက်ထူပွဲတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ထုတ်ဝေသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်း ဆပ်ကော်မတီ၏ ဖန်ခါးမြေ လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်