အထက်မင်းလှ မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့်စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ်ကော်မတီ၏ စီစဉ်လမ်းညွှန်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အလျား ၈ ပေ၊ အနံ ၅ ပေ၊ အမြင့် ၁၂ ပေရှိ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက် ၈ နာရီက မင်းလှမြို့ဇေယျာသီရိဈေးအနောက်ဘက် လမ်းမကြီးဘေးအများ မြင်သာသည့်နေရာတွင် စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြပြီး အသိပညာပေးဆိုင်းဘုတ်တွင် ကလေးအလုပ်သမားနှင့်ပတ်သက်၍ ဆိုင်(သို့မဟုတ်) ကုန်သွယ်အလုပ်ဌာန(သို့မဟုတ်) အများပျော်ရွှင်ရေးအလုပ်ဌာန၌ အသက် (၁၄)နှစ် မပြည့်သေးသောသူကို အလုပ်လုပ်ခွင့်မပြုရ၊ အသက်(၁၈)နှစ်မပြည့်သူကို အန္တရာယ်ရှိသောအလုပ်တွင် မလုပ်စေရ(သို့မဟုတ်) လုပ်ခွင့်မပြုရ၊ ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာ (သို့မဟုတ်) ဂုဏ်သိက္ခာပိုင်းဆိုင်ရာထိခိုက်မှုဖြစ်စေသော အလုပ်လုပ်ရန်ခိုင်းစေခြင်းမပြုရ၊ ကလေးအလုပ်သမားခိုင်းစေခြင်းအား အတူတကွတိုက်ဖျက်ကြပါစို့၊ ကျွန်ုပ်တို့ကလေးများ၏ အနာဂတ်လုံခြုံစိတ်ချနိုင်ရန် ကလေးလုပ်သားခိုင်းစေခြင်းကိုအဆုံးသတ်ခြင်းဖြင့် စတင်လုပ်ဆောင်ကြပါစို့ စသည့်အသိပညာပေးအကြောင်းအရာများနှင့် ကာတွန်းရုပ်ပြများ ပါဝင်ကြောင်း သိရသည်။
ကလေးသူငယ်များ စာသင်ခန်းတွင် ပညာသင်ကြားနေကြရမည့်အရွယ် စားဝတ်နေရေးအလို့ငှာ လုပ်ငန်းခွင်ထဲသို့ ရောက်ရှိနေကြခြင်းမှာ ကလေး၏အနာဂတ်ကိုသာမက နိုင်ငံ၏အနာဂတ်ကိုပါ ထိခိုက်နစ်နာစေသည့်အတွက် ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများ ဥပဒေအရ မည်သည့်အလုပ်ရှင်မဆို(ပုဒ်မ-၁၃နှင့်၁၄)ပါ ကလေးအလုပ်သမားများ၏ အသက်အရွယ် နှင့်အလုပ်ချိန်ကန့်သတ်ချက်များမှ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက (၆)လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်သိန်း(၅၀)မှ အများဆုံးကျပ်သိန်း(၁၀၀)အထိ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)