တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထဝီဝင်ဘာသာရပ်  ဆက်လက်ဖြေဆို

နေပြည်တော် မတ် ၁၇

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယမန်နေ့က ပထဝီဝင်ဘာသာရပ်ကို ဆက်လက်ဖြေဆိုကြသည်။ ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ/ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။ 

တနင်္သာရီတိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ပထဝီဝင်ဘာသာရပ်ကို ဖြေဆိုကြရာတွင် ဘုတ်ပြင်းမြို့နယ်ရှိ အ.ထ.က(ဘုတ်ပြင်း)စာစစ်ဌာနတွင်  ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၃၁) ဦး၊ ခမောက်ကြီးမြို့နယ်ရှိ အ.ထ.က(ခမောက်ကြီး)စာစစ်ဌာနတွင်  ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၃) ဦး၊ ပုလောမြို့နယ်ရှိ အ.ထ.က (၁) စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ (၈)ဦး၊ တနင်္သာရီမြို့နယ်ရှိ အ.ထ.က(တနင်္သာရီ)စာစစ်ဌာနတွင် ဖြေဆိုသူ (၁၂) ဦး၊ ရေဖြူမြို့နယ်ရှိ အ.ထ.က(ရေဖြူ)စာစစ်ဌာနတွင်  ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၂) ဦးတို့ဝင်ရောက်ဖြေဆိုကြသည်။  

တနင်္သာရီတိုင်းဒေသကြီးတွင် စာစစ်ဌာနစုစုပေါင်း (၁၉) ခုရှိပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။