ဝက်လက် အောက်တိုဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်တွင် ၂ဝ၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ရက်နေ့ ၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးကြမည့် ပြည်သူများစိတ်ချလုံခြုံစွာမဲပေးနိုင်ရေးအပါအဝင်လုံခြုံရေးတာဝန်ထမ်းဆောင်မည့်သူများကို အထူးရဲသင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက် ၉ နာရီ အချိန်က ဝက်လက်မြို့အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အထူးရဲသင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဦးက နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးအပြည့်အဝ ဆောင်ရွက်နိုင်ရေးအတွက် အထူးရဲများခန့်ထားခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦး မြို့နယ်အဆင့်ဌာနဆိုင်ရာများမြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ကျော်မိုးနှင့် ရဲတပ်ဖွဲ့ဝင်များ ၊အထူးရဲတပ်ဖွဲ့ဝင်သင်တန်းသားများ တက်ရောက်ခဲ့ကြ သည်။
ဝက်လက်မြို့နယ်အနေဖြင့် ၂ဝ၂၀ပပြည့်နစ် နိုဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲ ၁၃၄ ဦးရှိပြီး သင်တန်းကို စစ်ရေးပြ လက်နက်မဲ့၊ လူ့အခွင့်အရေးဘာသာရပ်၊ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေ၊ ရဲကျင့်ဝတ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရွေးကောက်ပွဲဆိုင်ရာ ရဲဝန်ထမ်း ကျင့်ဝတ် ၁၂ရပ် ဘာသာရပ်များဖြင့် သင်တန်းနည်းပြ ၄ ဦးက ၂၈ကြာ နေ့စဉ် နံနက် ၉ နာရီမှညနေ ၅ နာရီ အထိပို့ချ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းသိရသည်။
ဥမ္မာဝင်း( ဝက်လက်)