(၇၈)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့ပရံ-ကော့ကလွေ-ကော့နိုင်ထုံး-တောင်သူကုန်း-ကော့ဂွန်းလမ်း ကွန်ကရစ်လမ်းဖွင့်လှစ်

ဘားအံ မတ် ၁၇

(၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် လမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သော ကော့ပရံ-ကော့ကလွေ-ကော့နိုင်ထုံး-တောင်သူကုန်း-ကော့ဂွန်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ကော့နိုင်ထုံးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှေ့ရှိ အဆိုပါလမ်းမုခ်ဦး၌ ကျင်းပသည်။

ကွန်ကရစ်လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သော လမ်းသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ ကျေးရွာများကို ဆက်စပ်ပေးသော ပြည်နယ်ချင်းဆက်လမ်းတစ်လမ်းဖြစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့ရေးကိုရှေ့ရှု၍ လိုအပ်သောလမ်း၊ တံတားလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုးတက်ကောင်းမွန် လာသည့်လမ်းမကြီးကိုအမှီပြု၍ ဒေသတွင်းရှိ ကျေးရွာအုပ်စု(၆)အုပ်စု၊ ကျေးရွာပေါင်း ၂၁ ရွာနှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ တောင်သူများ အနေဖြင့် မိမိတို့ဒေသထုတ်ကုန်များ စိုက်ပျိုးသီးနှံများကို ကုန်ကျစရိတ်သက်သာစွာဖြင့် မြန်မြန်ဆန်ဆန် ဈေးကွက်အတွင်းသို့ ရောက်ရှိစေမည်ဖြစ်ကြောင်း၊ လာမည့်ဘဏ္ဍာနှစ်များတွင်လည်း မိမိတို့ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ၊ ပညာရေး၊ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရေးအတွက် အဓိကလိုအပ်သည့် လမ်းတံတားလုပ်ငန်းများကို  ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးအောင်ညိုက လမ်းဆိုင်ရာအချက်အလက်များကို ရှင်းလင်း ပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကော့ပရံ-ကော့ကလွေ-ကော့နိုင်ထုံး-တောင်သူကုန်း-ကော့ဂွန်းလမ်း ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြကာ လမ်းဖွင့်ပွဲသို့တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် ကြသည်။

ယနေ့ဖွင့်လှစ်သည့်လမ်းသည် လွန်ခဲ့သောနှစ်ပေါင်း လေးဆယ်ကျော်ခန့်က မြေသားလမ်းအနေဖြင့် စတင်ဖောက်လုပ်ခဲ့ပြီး ၁၃ ဒဿမ ၈၇၇ ကီလိုမီတာရှည်လျားကာ ခေတ်အဆက်ဆက် ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းများအဖြစ် ကိုယ်ထူကိုယ်ထ ပြုပြင်ထိန်းသိမ်း အဆင့်မြှင့်တင်ဆောင်ရွက်လာခဲ့ကြရာ မြေသားလမ်းပိုင်းအနေဖြင့် ၅ ဒဿမ ၅၃၃ ကီလိုမီတာ ကျန်ရှိနေခဲ့ကြောင်း၊ ယခုအစိုးရလက်ထက်တွင် ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေကျပ် ၅၆၃ ဒဿမ ၈၁ သန်းဖြင့် ၁၄ ပေအကျယ် ကွန်ကရစ်လမ်း ၂ ဒဿမ ၄၁၄ ကီလိုမီတာ၊ ၃ မီတာ အရှည်ကွန်ကရစ်တံတားငယ်တစ်စင်း၊ ၁ ဒဿမ ၅၂ မီတာ Box Culvert တစ်စင်းနှင့် ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ် ၇၉၈ ဒဿမ ၈၅၃ သန်းဖြင့် ၁၄ ပေအကျယ် ကွန်ကရစ်လမ်း ၃ ဒဿမ ၁၁၉ ကီလိုမီတာ၊ ၄ ဒဿမ ၅ မီတာအရှည် တံတားငယ်တစ်စင်း၊ Box Culvert တစ်စင်းတို့ကို အသီးသီးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)