ပခုက္ကူမြို့၌ နွေရာသီကျောင်းပိတ်ရက်ကာလ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲကျင်းပ

ပခုက္ကူ မတ် ၁၆

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်း အတတ်ပညာများကို အခြေခံမှစပြီးသိရှိကာ စနစ်တကျရေးဆွဲ တတ်စေရန်ရည်ရွယ်ပြီး ဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က ပခုက္ကူမြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ၊ ပခုက္ကူမြို့နယ် ပန်းချီ၊ ပန်းပုအစည်းအရုံး ဒုတိယဥက္ကဋ္ဌ ပန်းချီဖိုးသန်းဝင်းက သင်တန်းတွင်ပို့ချခဲ့သည့် အခြေခံပန်းချီပညာရပ်များ အကြောင်းတို့ကို ရှင်းလင်းပြောကြားကြပြီး  သင်တန်းတွင် မောင်ရှိုင်းခန့်ဘုန်းအောင်(ပထမဆု)၊ မဝတ်မှုံဖူး(ဒုတိယဆု)၊ မရှင်းသန့်အိမ်(တတိယဆု)နှင့် မောင်းမြတ်ဘုန်းခန့်ကျော်၊ မောင်မျိုးကိုအောင်၊ မနိုဘယ်လ်စုစံ(အထူးဆု) ရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ သင်တန်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပန်းချီ၊ ပန်းပုအစည်းအရုံး၊ တမာရနံ့ ပန်းချီအဖွဲ့တို့ပူးပေါင်း ဖွင့်လှစ်ခြင်း ဖြစ်ပြီး  ပခုက္ကူမြို့နယ်အတွင်းရှိ ပန်းချီစိတ်ဝင်စားသည့် ကျောင်းသား၊ ကျောင်းသူ ၁၆ ဦးတို့အား မတ် ၁၀ ရက်မှ ၁၆ ရက်နေ့အထိ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးခြင်းဖြစ်ပြီး တက်ရောက်လာသည့် သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် မိဘများအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီက ထုတ်ဝေသည့် ဖန်ခါးမြေ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)