အိမ်မဲ မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိဒေါ်ဌေးဌေးလှိုင်နှင့် ဝန်ထမ်းများက (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲ ၁၂ နာရီ အချိန်တွင် အ.ထ.က (၁)၊ အ.ထ.က(၂)ကျောင်းနှင့် အ.ထ.က ကြို့ကုန်းစာစစ်ဌာနတို့မှ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုပြီးအပြန် ကျောင်းသား/သူများနှင့် စာစစ်ဌာနများတွင် လုံခြုံရေး ဆောင်ရွက်နေသည့် တာဝန်ရှိသူများအား ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက် များ၊ ဗိုလ်ချုပ်အောင်ဆန်း (၁၃.၇.၁၉၄၇)ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် (၇၇)နှစ် မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်၊ တပ်မတော်၏ အား (၁၀)ပါး၊ ၂၃.၃.၂ဝ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ ဖိုးလေးလုံး သောင်းကိုကို၏ ပြည်သူချစ်တဲ့ တပ်မတော်ကဗျာ၊ ကာတွန်း၊ တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည် ၊ အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ စသည့် ဆောင်ပုဒ်များ ပါဝင်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)