ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးPositive ၇ ဦး တွေ့ရှိ၍ မြို့နယ်ပြည်သူ့ဆေးရုံ၌ ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုပေး

ပုလဲ အောက်တိုဘာ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊  ယင်းမာပင်ခရိုင်၊ပုလဲမြို့နယ်တွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ   ပုလဲမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါပိုး Positive ၇ဦး တွေ့ရှိ၍ မြို့နယ် ပြည်သူ့ဆေးရုံ၌ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း   မြို့နယ် COVID -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ပုလဲမြို့နယ်COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသန်းနိုင်က “ပုလဲမြို့၊မြို့တော်ခန်းမနှင့်ကျေးရွာများရှိ CBFQများတွင် Quarantine ထားရှိတဲ့ နေရပ်ပြန်အမျိုးသား၈ဦး၊အမျိုးသမီး၃၇ဦး စုစုပေါင်း ၄၅ဦးကို စက်တင်ဘာ၂၉ရက်က ပုလဲမြို့၊ပြည်သူ့ဆေးရုံမှာ အာခေါင်တို့ဖတ်၊နှာခေါင်းတို့ဖတ်များအား   Swab   နမူနာရယူပြီး မန္တလေးမြို့၊  အမျိုးသားဓာတ်ခွဲဌာနသို့ ဓာတ်ခွဲနမူနာများပို့ဆောင်စစ်ဆေးခဲ့ပါတယ်။

ဓာတ်ခွဲစစ်ဆေးမှုအရ    စက်တင်ဘာ  ၂၄ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့ နယ် မှ ကားစီးလုံးငှားပြီး ပုလဲမြို့နယ်သို့  ပြန်လည်ဝင်ရောက်လာသူ အမျိုးသမီး၂၇ ဦးအနက် အင်မထီးကျေးရွာမှ အမျိုးသမီး၁ဦး၊ တလိုင်းကန်ကျေးရွာမှ အမျိုးသမီး၃ဦး၊ ပိတောက်ကုန်း (တောင်)ကျေးရွာမှ  အမျိုးသမီး ၃ ဦး  စုစုပေါင်း ၇ ဦးတို့မှာ  COVID - 19 ရောဂါပိုး  Positive တွေ့ရှိကြောင်း စက်တင်ဘာ၃၀ရက်နေ့ ညနေ၅နာရီ ၃၀မိနစ်မှာ သိရှိရတဲ့အတွက် COVID-19ရောဂါပိုး Positiveတွေ့ရှိတဲ့ အမျိုးသမီး၇ဦးကို စက်တင်ဘာ   ၃၀ ရက်နေ့ညမှာပင်   ကျေးရွာ  Quarantine  ထားရှိတဲ့နေရာကနေ   ခေါ်ဆောင်၍  မြို့နယ်ပြည်သူ့ဆေးရုံရှိ Isolation Ward၌ ထားရှိပြီး  ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးထားပါတယ်။ပိုးတွေ့လူနာများရဲ့ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိပါတယ် ” ဟု ပြောကြားသည်။

အဆိုပါ    COVID - 19 ရောဂါပိုးPositive တွေ့ရှိသည့်  အမျိုးသမီး၇ဦးကို မြို့နယ်ပြည်သူ့ဆေးရုံရှိ Isolation Ward၌ ထားရှိ၍ ကျန်းမာရေစောင့်ရှောက်မှုများ  ဆောင်ရွက်ပေးထားပြီး ၎င်းတို့နှင့် ဆက်စပ်ထိတွေ့သူများအား Community Based Facility Quarantine(CBFQ)ထားရှိကာ Swabနမူနာများ  ရယူ၍ ပေးပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်COVID-19ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သတင်းရရှိသည်။

မြင့်သိန်းစိုး(ပြန်/ဆက်)