ပဲခူး အောက်တိုဘာ ၁
ပဲခူးမြို့၊ အမှတ်(၂)ရဲတပ်ဖွဲ့စခန်းမှ ကြီးမှူးပြီး ယနေ့ နံနက် ၈ နာရီခွဲက ပဲခူးမြို့ မဇင်းရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းတွင် အမှတ်(၂)နယ်မြေ ရဲစခန်းအပိုင် တွင် တာဝန်ထမ်းဆောင်မည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်က သင်တန်းဖွင့်အမှာ စကားပြောကြားပြီး ပဲခူးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းလှိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ သင်တန်းစည်ကမ်းဆိုင်ရာများအား ရှင်းလင်း ပြောကြားသည်။
အဆိုပါသင်တန်းအား နိုဝင်ဘာလ(၁)ရက်နေ့မှ (၂၈)ရက်နေ့အထိ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ထုတ်ပြန်ထားသော စည်းကမ်းချက် များနှင့်အညီ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး သင်တန်းသား(၃၀)ဦး တက်ရောက်ကာ စစ်ရေးပြ(လက်နက်မဲ့)ဘာသာရပ်၊ လူ့အခွင့်ရေးဘာသာရပ်၊ ရဲစည်ကမ်း ထိန်းသိမ်းရေး ဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ သတင်းမီဒီယာဥပဒေနှင့် ကျင့်ဝတ်၊ ရွေးကောက်ပွဲ ဆိုင်ရာ သိမှတ်ဖွယ်၊ ပြည်သူလူထု ပူပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်၊ ရာဇသတ်ကြီး ဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ရဲအက်ဥပဒေ စသည့်ဘာသာရပ်များကို သင်ကြားပို့ချပေး သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)