ပခုက္ကူ မတ် ၁၆
၂၀၂၃ခုနှစ်၊ မတ်လ၁၅ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ် လှုပ်ရှားမှုများကို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ဌာနဆိုင်ရာရုံးများထံ သွားရောက်ဟောပြောခြင်း၊ အထိမ်းအမှတ် စတစ်ကာကမ်ပိန်းပြုလုပ်ခြင်း လုပ်ငန်းများကို ခရိုင်စားသုံးရေးရာဦးစီးဌာနမှဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ကြသည်။
အဆိုပါ အထိမ်းအမှတ် လှုပ်ရှားမှုကို ပခုက္ကူခရိုင် စားသုံးရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ခရိုင်ရုံးမှဝန်ထမ်းများက ယနေ့ နံနက် ၈နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးများထံ သွားရောက်ဟောပြောခြင်း၊ မြို့ပေါ်ရှိ စစ်ဆေးဂိတ်များ၊ အဓိက လမ်းမကြီးများနှင့် လမ်းဆုံ၊ လမ်းခွများတွင် ဖြတ်သန်းသွားလာကြသည့် ခရီးသွားမော်တော်ယာဉ် လိုင်းများ၊ အိမ်စီးမော်တော်ယာဉ်များ၊ သုံးဘီယာဉ်နှင့် မော်တော်ဆိုင်ကယ်များထံ ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် စတစ်ကာများကပ်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ကြသည်။
၂၀၂၃ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့(World Consumer Rights Day)၏ ဆောင်ပုဒ်မှာ “စားသုံးသူကဏ္ဍမြှင့် တင်ဖို့ သန့်ရှင်းစွမ်းအင်ကူးပြောင်းစို့” ဖြစ်ပြီး စားသုံးပြည်သူများ အနေဖြင့် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ သမိုင်းကြောင်းနှင့် ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအရ ကုန်စည်နှင့် ဝန်ဆောင်မှုများကို တိုက်ရိုက်သုံးစွဲသူ ပြည်သူအများ ရရှိခံစားရမည့် အကျိုးကျေးဇူးများ၊ အခွင့်အရေးနှင့် တာဝန်များအကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်စေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော စားသောက်ကုန်များ ဝယ်ယူသုံးစွဲနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း ခရိုင်စားသုံးသူရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝေဠုအောင်၏ ပြောပြချက်အရ သိရသည်။
ဘာမီသာ(ပခုက္ကူ)