ရေနံချောင်း မတ် ၁၆
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီက ရေနံချောင်းမြို့မဈေးနှင့် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကလေးသူငယ်များ စာသင်ခန်းတွင် ပညာသင်ကြားနေကြရမည့်အရွယ် စားဝတ်နေရေးအလို့ငှာ လုပ်ငန်းခွင်ထဲသို့ ရောက်ရှိနေကြခြင်းမှာ ကလေး၏ အနာဂတ်ကို သာမက နိုင်ငံ၏ အနာဂတ်ကိုပါ ထိခိုက်နစ်နာစေသည့်အတွက် ကလေးအလုပ်သမား ပပျောက်စေရန် ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို မြို့နယ် ပြန်/ဆက်ဦးစီးဌာန မြေစိုက်နံရံကပ်ဘုတ်နှင့် လူထုအခြေပြုဗဟိုဌာနခန်းမတွင်လည်းကောင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့မဈေး၊ လက်ဘက်ရည်ဆိုင်များနှင့် လူစည်ကားရာနေရာများတွင်လည်ကောင်း မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်နှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် ကလေးအလုပ်သမား၏ အဓိပ္ပယ်ဖွင့်ဆိုချက်၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရည်မှန်းချက်(၆)ရပ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်နှင့် အလုပ်ချိန် ကန့်သတ်ချက်များ၊ ဆောင်ပုဒ်များ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မများနှင့် ကျခံရနိုင်သည့် ထောင်ဒဏ်၊ ငွေဒဏ် သတ်မှတ်ချက်များ၊ ၂၀၂၂ ခုနှစ်က မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင်နှင့် တာဝန်ရှိသူများ ကလေးအလုပ်သမားပပျောက်ရေး အသိပညာ ပေးမြေစိုက်ပိုစတာ ဖွင့်လှစ်ပေးနေသည့် မှတ်တမ်းဓာတ်ပုံ စသည့် အသိပညာပေး အကြောင်းအရာများ ပါဝင်ပြီး မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းဆပ် ကော်မတီက တာဝန်ခံ၍ စောင်ရေ (၁၁၀၀၀) အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)