ကြံခင်း မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့ နေ့လည်ပိုင်းက အထက်တန်းဆင့်လူရည်ချွန်ဆုရ ကျောင်းသားတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံမေးမြန်းရာ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်က အနာဂါတ်ခေါင်းဆောင်ကောင်းများပေါ်ထွက်လာစေရန်နှင့် အားကျ အတုယူတတ်စေရန် ရည်ရွယ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး အရာရှိဒေါ်ခင်မိုးမြင့်က လူရည်ချွန်ဆုရရှိအောင် ကြိုးစားဆောင်ရွက်မှုနှင့်ပတ်သက်ပြီး မေးမြန်းရာ လူရည်ချွန်ဆုရ (အ.ထ.က-၁) ကြံခင်းကျောင်းမှ (Grade-11) ကျောင်းသား မောင်ကောင်းခန့်ကျော်က လူရည်ချွန်ဆုရရှိအောင် ကြိုးစားခဲ့ပုံ၊ မူလတန်းအဆင့်မှစပြီး ကြိုးစားမှတ်သား လိုက်နာ ဆောင်ရွက်ခဲ့ပုံများ၊ ရည်ရွယ်ချက်ထား ကြိုးစားပုံများ၊ ကျက်၊ မှတ်၊ လေ့လာဆောင်ရွက်ခဲ့ပုံများ၊ အောင်မြင်မှုရရန် စိတ်ခွန်းအားဖြစ်စေပုံများနှင့် ပြင်ပဗဟုသုတရရှိရန် စာအုပ်မျိုးစုံလေ့လာ၊ ဖတ်၊ မှတ်ဆောင်ရွက်ပုံများကို ပြောပြဆွေးနွေးပါသည်။
ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး Talk Show အစီအစဉ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြည်သူ့စာကြည့်တိုက် Facebook Page၊ We Love Kyankhin Page မှလွှင့်တင်ပေးလျက်ရှိကြောင်း မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိထံက သိရသည်။
မြို့နယ် (ပြန်/ဆက်)