ငဖဲ မတ် ၁၆
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မင်းဘူးခရိုင်၊ ငဖဲမြို့ကျောင်းတွင်း ရပ်ကွက်ပြည်သူ့ပန်းခြံရှေ့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး မြေစိုက်ပိုစတာကို ယနေ့နံနက်ပိုင်းက စိုက်ထူခဲ့သည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး မြေစိုက်ပိုစတာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသက်နိုင်စိုးနှင့် အဖွဲ့ဝင်(၂) ဦးတင်မောင်အေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များက စုပေါင်း၍ စိုက်ထူဆောင်ရွက်ကြသည်။
မြေစိုက်ပိုစတာ၌ ကလေးအလုပ်သမားခိုင်းစေခြင်းအား အတူတကွတိုက်ဖျက်ကြပါစို့၊ ဆိုင်(သို့) ကုန်သွယ်အလုပ်ဌာန(သို့) အများပျော်ရွှင်ရေးအလုပ်ဌာန၌ အသက်(၁၄)နှစ်မပြည့်သေးသောသူကို အလုပ်လုပ်ခွင့်မပြု၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ဂုဏ်သိက္ခာဆိုင်ရာ ထိခိုက်မှုဖြစ်စေသော အလုပ်လုပ်ရန် ခိုင်းစေခြင်းမပြုရ၊ အသက်(၁၈)နှစ်မပြည့်သူကို အန္တရာယ်ရှိသော အလုပ်တွင်မလုပ်စေရ သို့မဟုတ် လုပ်ခွင့်မပြုရနှင့် ၂၀၁၆ ခုနှစ် ဆိုင်များနှင့်အလုပ်ဌာနများ ဉပဒေအရပြစ်မှုနှင့် ပြစ်ဒဏ်များ ပါရှိကြောင်းသိရသည်။
ထို့နောက် တက်ရောက်လာကြသူများနှင့် ပြည်သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)