ပွင့်ဖြူမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပဆောင်ရွက်

ပွင့်ဖြူ မတ် ၁၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ကျင်းပသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက  မြို့နယ်ရုံး လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club) အသင်းမှ အတွင်းရေးမှူး ဆရာကြီးဦးကျော်စိုး (ပညာရေးငြိမ်း) က ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ကလေးအလုပ်သမားပပျောက်ရေး အမျိုးသားအဆင့်လုပ်ငန်းစီမံချက်ရေးဆွဲ၍ ကလေးများအား အလုပ်သမားအဖြစ် ခိုင်းစေမှုများ လျော့နည်းပပျောက်စေရန် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန်အချက်များ၊ အန္တရာယ်ရှိအလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရသည့် ကလေးများကို သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်များရရှိအောင် ဆောင်ရွက်ပေးရန်အချက်များ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉ ခုနှစ်) နှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်သည့် ဥပဒေပုဒ်များ၊ ကလေးငယ်များ၏ အနာဂတ်ဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကာကွယ် စောင့်ရှောက်ရမည့် လုပ်ငန်းတာဝန်များ၊ ကလေးငယ်များ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ၊ ပညာသင်ယူခွင့်ဆိုင်ရာ အခွင့်အလမ်းများကလေးငယ်များဘဝ လုံခြုံစေရေးအတွက် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်မျာကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။

ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ကောင်းစွာနားလည်သိရှိပြီး စာဖတ်သူဦးရေ ပိုမိုတိုးပွားလာ‌စေရန်ရည်ရွယ်၍ မိတ်ဖက်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့နှင့်ပူးပေါင်းပြီး လစဉ်ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး အစရှိသည့် အသိပညာပေးခေါင်းစဉ်များဖြင့် အသိပညာပေးဆွေးနွေးပွဲ (Talk Show) များကို စီစဉ်ကျင်းပ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )